နိုင်ငံတကာပွဲတွေ အပြီးမှာ ချဲလ်ဆီး ကြယ်ပွင့် တဦးကို ပိုကောင်းတဲ့ ပုံစံနဲ့ မြင်ရဖို့ မျှော်လင့်နေတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ညမှာ တန်းဆင်းဇုန်ထဲက ဘန်လေ အသင်းကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ လီဗာပူး ခြေထပ်ချော်မှုကြောင့် နိုင်ငံတကာပွဲ ကာလ မတိုင်ခင်မှာ အဆင့် ၂ နေရာ က လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ၃မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် အဆုံးသတ် အားနည်းနေတာ ပြန်ပေါ်လာခဲ့ပြီး ၊ international break ခံသွားခဲ့တာကလည်း အသင်းကို ပြန်ထိန်းချုပ် ၊ ပြင်ဆင်နိုင်ဖို့ အချိန် ရစေပါတယ် ။ လာမယ့် ၂ပတ် အတွင်းမှာ ဒဏ်ရာ ပြဿနာ ထူးထူးခြားခြား မရှိခဲ့ရင် ချဲလ်ဆီးတို့ လက်စတာနဲ့ ပွဲမတိုင်မီ လူစုံတက်စုံနဲ့ ပြန်လာနိုင်ဖို့ များပါတယ် ။

အထူးသဖြင့် ချဲလ်ဆီး ပရိသတ်တွေဟာ ရိုမီလူ လူကာကူရဲ့ သွင်းဂိုးတွေကို နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ မျှော်လင့် တမ်းတခဲ့မှာ သေချာပါတယ် ။ ဂိုးဖန်တီးမှု က ပြဿနာ မရှိပေမယ့် အဆုံးသတ် ပြဿနာ က လွန်ခဲ့တဲ့ ၃ ၊ ၄နှစ်ကတည်းက ချဲလ်ဆီးတို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲ တရပ် အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ် ။

တဖက်မှာ တောင်ပံ တိုက်စစ် ၂ဖက် အတွက် အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်နဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်တို့ ကြံ့ခိုင်မှု ပြန်ပြည့်လာခြင်း ကလည်း ချဲလ်ဆီး ပရိသတ်တွေ အတွက် အားတက်စရာ ဖြစ်ပါတယ် ။

ဘန်လေနဲ့ ပွဲမှာ ၄င်းတို့ ၂ဦး လူစားလဲခွင့် ကနေ အသီးသီး ပြန်လာခဲ့ကြပေမယ့် ၊ ရာနှုန်းပြည့် ပုံစံကောင်း အတွက် အချိန် လိုအပ်နေသေးတာကို မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ တူချယ် ကတော့ ဒီ international break ဟာ ပူလီဆစ် ကို ပိုကောင်းတဲ့ ကစားသမား အဖြစ် ပြန်လာဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ် ။

တူချယ် က ” ခင်ဗျား တို့ဟာ ဒီရာသီ ခရစ်တီယန် ကစားထားတဲ့ မိနစ် အရေအတွက်တွေကို အရင်ကြည့်ပြီးမှ ၊ သူဟာ ခြေစွမ်း အထွတ်အထိပ် ပုံစံကို ရောက်နေသလား ၊ မရောက်သေးဘူးလား ဆိုတာကို စဉ်းစားပါ ။ ခရစ်တီယန် အတွက် အချိန် လိုအပ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီရာသီမှာ သူ ဒဏ်ရာကြောင့် နားထားရတာ အချိန် အတော်ကြာခဲ့လို့ပါ ။ ”

” ဒါပေမယ့် သူကိုယ်တိုင် က ဒီအသင်းမှာ ပြန်ကစားနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာပါ ။ ကျွန်တော် ကတော့ အမေရိကန် လက်ရွေးစင် အသင်းက သူ့ကို တာဝန်ရှိရှိနဲ့ သေသေချာချာ ကိုင်တွယ်ဖို့ ၊ လိုတာထက် ပိုမသုံးဖို့ကို မျှော်လင့်ပါတယ် ။ ခရစ်တီယန် ဟာ ကြံ့ခိုင်မှု ပြန်ပြည့်လာပြီ ဆိုပေမယ့် ၊ နာကျင်မှုကိုတော့ ခံစားနေရဆဲပါ ။ ”

” ဟုတ်ပါတယ် ။ သူ ကိုယ်တိုင်ကတော့ အရင်က ပြသခဲ့တဲ့ ခြေစွမ်းမျိုး ၊ ရခဲ့တဲ့ ကြံ့ခိုင်မှုမျိုး စတဲ့ အနေအထားဆီ ပြန်ရောက်ဖို့ ဆန္ဒ ပြင်းပြနေပါတယ် ။ ဒါဟာ အချိန်ယူပြီး ၊ ကိုယ့်ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် စီမံ ခန့်ခွဲပုံနဲ့ပဲ သက်ဆိုင်ပါတယ် ။ ဒီ ဒဏ်ရာတင်မက ၊ လတ်တလောမှာ အရာရာတိုင်းက သူ့အတွက် နာကျင်ခံစားရစေပါတယ် ။ ”

” သူ ကိုယ်တိုင်က အသင်း အတွက် အရမ်းကို ပြန်ကစားပေးချင်နေပြီး ၊ ကျွန်တော်တို့ကလည်း သူ့ကို လိုအပ်နေပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လို့ပါ ။ လတ်တလော ပွဲတွေမှာ ပြန်ပါနိုင်ဖို့ကို သူ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ် ။ ”

” ပြီးခဲ့တဲ့ ကြားရက် က မယ်လ်မိုနဲ့ ပွဲဟာ သူ့အတွက် အစကောင်း တခု ဖြစ်ခဲ့ပြီး ၊ ဘန်လေနဲ့ ပွဲမှာတော့ သူ ၁၀မိနစ်စာ လူစားဝင် ကစားခဲ့ရပါတယ် ။ သက်ဆိုင်ရာ နိုင်ငံ လက်ရွေးစင် အသင်းတွေနဲ့ အတူ ပူးပေါင်းရတဲ့ ကစားသမားတွေ အတွက် ကျွန်တော်တို့ နည်းနည်းပါးပါး စိတ်ပူတယ်လို့တော့ ပြောရပါမယ် ။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ အထိန်းအကွပ်အောက်မှာ မရှိလို့ပါ ။ ”

” တဖက်မှာလည်း ခရစ်တီယန် ကိုယ်တိုင် က သူထမ်းရတဲ့ ဝန်ပမာဏ လိုတာထက် ပိုမပိဖို့ အရေးကြီးပါတယ် ။ ဟုတ်ပါတယ် ။ နိုင်ငံ အတွက် ကိုယ်စားပြု ကစားရတာ ကစားသမားတိုင်း အတွက် စိတ်ခံစားချက် အရ ကြည်နူး ဂုဏ်ယူဖို့ ကောင်းတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ”

” ခရစ်တီယန် ဟာလည်း သူ့နိုင်ငံ အတွက် အရေးကြီးတဲ့ ပွဲမှာ နိုင်ပွဲ ယူဆောင်ပေးချင်ပါတယ် ။ ဒီတော့ ဒီ international break မှာ ရမယ့် မိနစ်တွေက သူ့ကို ကြံ့ခိုင်မှု အရ ပိုကောင်းတဲ့ နေရာ ၊ အဆင့် တခုခုဆီ ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အမေရိကန် အသင်း ဟာ လာမယ့် ရက်သတ္တပတ် ၂ပတ် အတွင်း ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ပွဲ အဖြစ် ဒေသတွင်း မဟာပြိုင်ဖက် မက္ကဆီကို အသင်းနဲ့ ဂျမေကာ အသင်း တို့ကို ထိပ်တိုက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR