နယူးကာဆယ်နဲ့ ပွဲမှာ ရိစ်ဂျိမ်းစ် ဟက်ထရစ် ရနိုင်မယ့် ပင်နယ်တီ ကန်ခွင့်ကို ဘာကြောင့် ကိုယ်တိုင် တာဝန်ယူ ကန်သွင်းခဲ့လဲ ဆိုတာ ရှင်းလင်းလိုက်တဲ့ ဂျော်ဂျင်ဟို

 

ချဲလ်ဆီး အသင်း ဟာ စနေနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကလပ်ပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ၊ ဒုတိယပိုင်း က သွင်းဂိုး ၃ဂိုးနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ တပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ အဖွင့်ဂိုး မရခင် အထိ အပိုင် အခွင့်အရေး ဖန်တီးနိုင်မှုနဲ့ အန္တရာယ် ရှိတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ၊ မှန်ကန်တဲ့ လူစားလဲမှု ၂ရပ်ကြောင့် တိုက်စစ်အား ပိုမို မြင့်တက်ခဲ့ရပြီး ၊ အရှေ့ပွဲတွေကလို wing-back တွေရဲ့ ပါဝင် ပတ်သက်မှုကလည်း ကြီးမားခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် ဟာ ထိုနိုင်ပွဲ အတွက် အခရာ အကျဆုံး ကစားသမား ဖြစ်ခဲ့ပြီး ၊ volley ကန်ချက် ၂ကြိမ်ကနေ ချဲလ်ဆီး အတွက် ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ပွဲပြီးခါနီး ၁၀မိနစ် အလိုမှာတော့ နယူးကာဆယ် ဂိုးသမား ကာလ်ဒါလို က False 9 နေရာမှာ ကစားနေတဲ့ ဂျာမယ် ကြယ်ပွင့် ကိုင်ဟာဗက်ဇ် ကို ပင်နယ်တီ ဧရိယာ အတွင်း လျှောထိုး တားဆီးမှုကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပါတယ် ။

ပင်နယ်တီ ကန်ခွင့် အစဉ်မှာတော့ ရိစ်ဂျိမ်းစ် ဟာ ကွင်းတွင်းရှိ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို မကျော်လွန်နိုင်ပါဘူး ။ ဒီအတွက်ကြောင့် ဟက်ထရစ် ရနိုင်မယ့် အခွင့်အရေး ဖြစ်တဲ့ ထိုပင်နယ်တီကို ကန်လိုရင်တော့ ဂျော်ဂျင်ဟိုထံ ရိစ်ဂျိမ်းစ် တယောက် ခွင့်တောင်းခဲ့ရမှာ ဖြစ်ပါတယ် ။

အဆုံးမှာတော့ ထုံးစံအတိုင်း ဂျော်ဂျင်ဟို ကပဲ ဒီပင်နယ်တီ အမှားအယွင်း မရှိ အဆုံးသတ်ခဲ့လို့ ၊ ချဲလ်ဆီးတို့ ၀ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ပွဲအပြီး ESPN သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျော်ဂျင်ဟို က ရိစ်ဂျိမ်းစ် က ၄င်းကို ပင်နယ်တီ ကန်ခွင့် အတွက် တောင်းဆိုတာမျိုး မလုပ်ခဲ့ကြောင်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ဂျော်ဂျင်ဟို က ” ရိစ် က ဒီ ပင်နယ်တီ အတွက် ကျွန်တော့ကို လာပြောရင် ကျွန်တော်တို့ ၂ယောက် ဒီအကြောင်း စကားပြောဖြစ်ခဲ့မှာပါ ။ ဒါပေမယ့် သူ မတောင်းဆိုခဲ့တဲ့အပြင် ၊ ပင်နယ်တီ ကန်ဖို့ကို ကျွန်တော့ဆီ အားပေးခဲ့ပါသေးတယ် ။ ”

” ရိစ် ဟာ အံ့သြဖွယ် ဘယ်ခြေ ၊ ညာခြေ ၂ဖက်လုံး သန်တဲ့ ကစားသမား ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ သူဟာ ကျွန်တော်တို့ အတွက် ဂိုးရဖို့ လမ်းကြောင်းကို စဖွင့်ပေးခဲ့ပါတယ် ။ ဒါက အရမ်းကောင်းပြီး ၊ လှပတဲ့ ဂိုးတဂိုးလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ဟာ ဒီ ပင်နယ်တီဂိုးကြောင့် နောက်ဆုံး ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ဂိုး စလုံး ကို ပင်နယ်တီ ကနေ တဆင့် သွင်းယူခဲ့တဲ့ သမိုင်းတလျှောက် ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။ ဆက်လက်ပြီး ဂျော်ဂျင်ဟို က ထိုပွဲအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ အသေးစိတ် မှတ်ချက် ပေးခဲ့ပြန်ပါတယ် ။

ဂျော်ဂျင်ဟို က ” ဒုတိယပိုင်းမှာ နည်းပြကြီး က နည်းစနစ် နည်းနည်းပါးပါး အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။ တိုက်စစ်ကို နည်းနည်း ပိုအသားပေးတဲ့ ချဉ်းကပ်မှုမျိုးပေါ့ ။ ဒါက ကွင်းတွင်း အခက်အခဲ ဖြေရှင်းဖို့ အတွက် ပိုပြီး လမ်းကြောင်း ပွင့်စေခဲ့ပါတယ် ။ ဘောလုံး ဆုံးရှုံးတဲ့ အခါတိုင်း ကျွန်တော်တို့ ပြိုင်ဖက်ကို ဆက်တိုက် ဖိအားပေးခဲ့ပါတယ် ။ ”

” အဆုံးမှာ ကျွန်တော်တို့ တပွဲလုံး ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ နယူးကာဆယ်ရဲ့ အိမ်ကွင်း အထိ လာပြီး သူတို့ရဲ့ တန်ပြန်တိုက်စစ် ကို ထိန်းနိုင်ဖို့ က မလွယ်ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ဒီလိုမျိုး အမှတ်မလျော့ပဲ ၊ တပွဲချင်းစီကို အနိုင်ရအောင် ကစားဖို့ လိုအပ်ပါတယ် ။ ”

” ဒီလို တည်ငြိမ်မှု ရှိတဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်မျိုး လွန်ခဲ့တဲ့ ၂နှစ် အတွင်း ပျောက်ဆုံးနေခဲ့ပါတယ် ။ အခုအချိန် ဟာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ရပါမယ် ။ တခြား အသင်းတွေရဲ့ ရလဒ်အကြောင်းကို အာရုံစိုက်ဖို့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR