နည်းစနစ်ပိုင်း အရ နေမာ က မက်ဆီ နဲ့ ရိုနာဒို ထက်တောင် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ကာဖူး

တချိန်တုန်းကတော့ မက်ဆီ နဲ့ ရိုနာဒို တို့နှစ်ယောက် စလုံးသာ အကျဘက်ပိုင်း ကို ရောက်သွားရင် သူတို့ရဲ့ နေရာကို နေမာ က ဝင်ယူပြီး ကမ္ဘာ့အကောင်းဆုံး ဂုဏ်ပုဒ်ကြီးကို သိမ်းပိုက်လိမ့်မယ်လို့ ထင်ကြေးတွေ အများကြီး ပေးခဲ့ကြဖူးပါတယ်။

သို့သော် GOAT နှစ်ယောက် စလုံး ရဲ့ စွမ်းဆောင်ရည်တွေဟာ ဘောလုံးသမားဘ၀ အနားယူဖို့ နီးကပ်လာချိန်မှာတောင် ကျဆင်းသွားခြင်း မရှိသလို နေမာ ကတော့ အချိန်ထိ ဘလွန်းဒီအော်ဆု ကိုတောင် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

သူဟာ မက်ဆီ ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ဖို့ အတွက် ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ခဲ့သည့်တိုင်အောင် ၊ ပဲရစ် ကလပ်မှာလဲ အမ်ဘာ ရဲ့ ပုံရိပ်ကို ကျော်လွန်နိုင်ခြင်း မရှိသလို ၊ လက်ရှိမှာ မက်ဆီ ကိုယ်တိုင်တောင် ထပ်မံ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်လဲ နေမာဟာ သူ့ရဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ ကို အမြင့်ဆုံးအထိ စွဲထုတ်နိုင်စွမ်းတွေ မရှိဘူးလား ဆိုတဲ့ မေးခွန်း ကို ဘရာဇီး နောက်ခံလူဟောင်းကြီး က အခုလို ပြန်လည် မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ နည်းစနစ် ပိုင်းအရ ကြည့်မယ် ဆိုရင်တော့ နေမာ က မက်ဆီ နဲ့ ရိုနာဒို တို့ထက်တောင် ပိုကောင်းပါတယ်။ ဒါပေမယ့် သူဟာ ခေါင်းဆောင်တစ်ယောက် အဖြစ်နဲ့ တာဝန်တွေကို ခွဲယူနိုင်စွမ်း ရှိရမှာပါ။

ပြောရရင် ဘောလုံး အကြောင်းပဲ 100% ခေါင်းထဲ ထည့်ထားရမှာပါ။ ကျနော် က နေမာ ထက်တော့ ပိုကောင်းအောင် ကစားပြနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ညာနောက်ခံလူတွေ ထဲမှာတော့ အခြား ကစားသမားတွေထက် ပိုပြီး ကောင်းအောင် ကစားပြနိုင်ခဲ့ ပါတယ် ဘာလို့လဲ ဆိုတော့ ရည်မှန်းချက် အပြည့်နဲ့ မဆုတ်မနစ် ကြိုးစားခဲ့လို့ပါပဲ။

 

နေမာ အနေနဲ့လဲ ခေါင်းဆောင်ကောင်း တယောက် ဖြစ်အောင် ကြိုးစားရမှာပါ” လို့ ပြောဆို သွားခဲ့ ပါတယ်။

ကာဖူ ဟာ ဘရာဇီး အတွက် ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ပြနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ယောက် ဖြစ်ပြီး ၊ ကစားသမားဘ၀ အကောင်းဆုံး အချိန်တွေကိုလဲ အေစီ မီလန် ၊ ရိုးမား အသင်းတွေ နဲ့ ဖြတ်ကျော်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ အချိန်က ဘရာဇီး လက်ရွေးစင် အသင်းမှာ ဘယ်နောက်ခံလူ အဖြစ် ရော်ဘတ်တို ကားလို့စ် ၊ ညာနောက်ခံလူ အဖြစ် ကာဖူး တို့ကို အတွဲညီညီ နဲ့ ခြေစွမ်းပြခဲ့ကြဖူးပါတယ်။

ကာဖူး ရဲ့ ပြောပြချက်အရ သူတို့ နှစ်ယောက် ရီးရဲ မက်ဒရစ် ဂျာစီ အတူတူဝတ်ဆင်ရင်း ၊ ဘာနေဗျူးကွင်းကြီးမှာ ကစားခွင့်ရနိုင်တဲ့ အခွင့်အရေးမျိုးတောင် ရခဲ့ဖူးတယ်လို့ သိရပါတယ်။

“ 1992 ခုနှစ် တုန်းက ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ ကစားဖို့ အခွင့်အရေး ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီ အချိန်က ဆော်ပေါ်လို ဟာ နိုင်ငံတကာ ဖလားပြိုင်ပွဲကို ပထမဆုံး ဝင်ရောက်ခွင့် ရချိန်ပေါ့။

ရီးရဲ မက်ဒရစ် က ကျနော့် ကို ခေါ်ချင်တဲ့ အကြောင်း ပြောလာသလို ၊ တရားဝင် ကမ်းလှမ်းမှုတွေလဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဆော်ပေါ်လို က မရောင်းတာပါ။ ဘာလို့လဲ ဆိုတော့ ကျနော့် ကို Intercontinental Cup ကစားခိုင်းချင်သေးတာလေ။

အဲဒီ အချိန်က Vitor ရဲ့ အပြောင်းအရွှေ့ အတွက် ရီးရဲ မက်ဒရစ် နဲ့ ဆော်ပေါ်လို တို့အကြား အကြိုသဘောတူညီမှုတော့ ရနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျနော့် ကိုပါ ထပ်ပြီး ခေါ်ယူချင်တဲ့ အကြောင်းပြောဆိုချိန်မှာ ဆော်ပေါ်လို က ကိုပါ လီဘာတေးဒိုးစ် နဲ့ World Championship ပြိုင်ပွဲတွေ ကစားဖို့ ကျန်နေသေးတာမို့ ငြင်းဆိုလိုက်တာပါ” လို့ ပြန်လည် ရှင်းပြသွားခဲ့ ပါတယ်။

SM