ဒေသခံ ချာတိတ်လေးတွေ ဘောလုံး ကစားခွင့်ရဖို့ ကုန်ကျစာရိတ်တွေ အားလုံး ထုတ်ပေးလိုက်တဲ့ ပရဟိတ သမားကြီး အာနိုး

ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဖရီးကစ် ကနေ တဆင့် လှလှပပ ချေပဂိုး သွင်းပြနိုင်ခဲ့တဲ့ လီဗာပူး နောက်တန်း ကစားသမား အာနိုး ဟာ ဒေသခံ ကလေးငယ်တွေ ရဲ့ နှလုံးသားထဲကို သူ့ရဲ့ ပရဟိတ ဂိုး သွင်းပြလိုက်ပြန်ပါပြီ။

သူ ကြီးပြင်းခဲ့ရာ လီဗာပူး ဒေသ က ကလေးငယ် 250 အတွက် ဘောလုံးကို လွတ်လွတ်လပ်လပ် ကစားခွင့်ရဖို့ အတွက် သူ့ အိတ်ထဲကနေ ငွေကြေး အကုန်ကျခံကာ စိုက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အာနိုးဟာ The Trent Alexander-Arnold League လို့ အမည်ရတဲ့ ပြိုင်ပွဲ တခုကို ဖန်တီးလိုက်ပြီး အသက် 5 နှစ် ကနေ 6 နှစ် အတွင်းမှာ ရှိတဲ့ လူငယ်ချာတိတ်တွေ အားလုံးဝင်ရောက် ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲတွေကို Toxteth ခရိုင် အတွင်းက Tiber Football Center နဲ့ West Derby ဒေသ က St Edward’s College မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာနိုး ရဲ့ ဖခင် ဖြစ်သူ မိုက်ကယ် ဟာ Toxteth ခရိုင်သား ဖြစ်သလို ၊ အားနိုး ကိုယ်တိုင်က West Derby မှာ ကြီးပြင်းခဲ့တာ ဖြစ်တဲ့ အတွက် အဲဒီနေရာတွေ ကို ရွေးချယ် သွားခဲ့တာ လို့ သိရပါတယ်။

အဲဒီ အနီးနား တဝိုက်မှာ ရှိတဲ့ ဒေသခံ ကလေး 250 ဟာ ပြိုင်ပွဲကို ဝင်ရောက် ကစားနိုင်ဖို့ အတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ကနေ ၊ ပြိုင်ပွဲ ကုန်ကျစာရိတ် အားလုံးကို အာနိုး က စိုက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီစဉ်တွေ ဖြစ်မြှောက်ဖို့ အတွက် ကလပ် ဖောင်ဒေးရှင်း နဲ့ အကယ်ဒမီ အကြားမှာ အဓိက ဆက်သွယ်ရေး တာဝန်ယူထားတဲ့ Ricky Heywood က တာဝန်ယူ အကောင်ထည် ဖော်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာနိုး ကို လီဗာပူး အကယ်ဒမီထံ ဝင်ရောက်နိုင်အောင် ခေါ်ဆောင်လာပေးခဲ့တဲ့ လီဗာပူး လူငယ် ကင်းထောက် ဖြစ်သူ Ian Barrigan ကလဲ ပြိုင်ပွဲကို အနီးကပ် ပါဝင် ကြီးကြပ်ပေးသွားမှာ ဖြစ်ပြီး ၊ စီမံကိန်း အကောင်ထည် ဖော်ဆောင်ခဲ့တာ နဲ့ ပတ်သက်လို့ အခုလို ရှင်းပြပေးသွားခဲ့ ပါတယ်။

“ မြို့ ရဲ့ တချို့ အစိတ်အပိုင်းက ချာတိတ်လေးတွေ ဟာ တခြားနေရာက ကလေးတွေ နဲ့ ယှဉ်လိုက်ရင် ဘောလုံးကို စနစ်တကျ နဲ့ ကစားခွင့်မရတာ ကျနော်တို့ သတိထားမိပါတယ်။

ဒီလို အခက်ခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ထရန့် ကိုယ်တိုင် သူ့ရဲ့ အိုက်ဒီယာကို ပြောပြရင်း အကောင်ထည်ဖော်ဖို့ ကြိုးစားခဲ့ကြတာပါ။ သူကိုယ်တိုင်ကလဲ ဒေသခံလေးတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် ကူညီပေးချင်တာလေ။

ဒါကြောင့်မို့ ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့မှာ လူငယ်တွေ ဖွံ့ဖြိုးရေး စင်တာ နှစ်ခု ပိုင်ဆိုင်ထားပြီး ဖြစ်သလို ၊ အနေအထားတွေက တနေ့ထက် တနေ့ ပိုပြီး ပြည့်စုံလာနေပါတယ်။

ဒါဟာ အာနိုး လုပ်ဆောင်လိုက်တဲ့ နောက်ထပ် ကြီးမားတဲ့ ပရဟိတ လုပ်ငန်းတခုပါပဲဗျာ။ သူဟာ ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားကြီးတွေ ကို ဆွတ်ခူးနိုင်ခဲ့သည့်တိုင်အောင် ၊ ကိုယ် ကျင်လည်ခဲ့တဲ့ အောက်ခြေဘဝကိုတော့ လုံး၀ မေ့ပစ်သူ မဟုတ်ပါဘူး။

ပြီးတော့ ဒေသခံတွေ အတွက်လဲ တခုခု ပြန်ပြီး လုပ်ပေးချင်တာပါ။ သူ့ရဲ့ အိုက်ဒီယာကို အကောင်ထည် ဖော်ပေးဖို့ အတွက် သူတို့ မိဘတွေကလဲ အားတက်သရော နဲ့ ဝိုင်းဝန်းကူညီပေးကြပါတယ်။ သူ့မိခင် Dianne ဆိုရင် ကလေးတွေကို ဆုတံဆိပ် ကိုယ်တိုင် ချီးမြှင့်ပြီး ၊ နွေးနွေးထွေးထွေး နဲ့ နှုတ်ဆက်ပေးသွားခဲ့တာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လီဗာပူး အကယ်ဒမီ ကလဲ အာနိုး ရဲ့ လိဂ်ပြိုင်ပွဲကနေ ထွက်ပေါ်လာတဲ့ ချာတိတ်လေးတွေကို မှတ်တမ်းတင် အကယ်ဒမီမှာ လာရောက် လေ့ကျင့်ခွင့်ပေးဖို့ လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ ဒါ့အပြင် ကာဘီ အကယ်ဒမီက အသုံးမလိုတော့တဲ့ အသုံးအဆောင်တွေကိုလဲ ၊ အာနိုး လိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားနေတဲ့ ကလေးငယ်တွေထံ အလျဉ်းသင့်သလို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

SM