ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့်အသင်းကို ရွေးချယ်ရာမှာ အမြင်တူခဲ့ကြတဲ့ ရွိုင်ကိန်း နဲ့ ကာရေဂါ

မန်ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း နဲ့ လီဗာပူး ဂန္တဝင် ကာရေဂါ တို့က မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီမှာ ချဲလ်ဆီး ၊ လီဗာ တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

ဒီတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) မှာ အဆင့် တစ်က ချဲလ်ဆီး အသင်းဟာ မန်ယူနိုက်တက် အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ် သွားခဲ့ပြီး မန်စီးတီး အသင်းက အနိုင်ရခဲ့တာကြောင့် title race မှာ အမှတ်ကွာဟချက် ပြန်လည် ကျဉ်းမြောင်း သွားခဲ့ပါတယ် ။

ထိပ်ဆုံးက ချဲလ်ဆီး နဲ့ ဒုတိယနေရာက မန်စီးတီး ကြားမှာ အမှတ်ကွာဟချက် ၁ မှတ် သာ ရှိနေပြီး တတိယ နေရာက လီဗာပူး နဲ့ ၂ မှတ်သာ ကွာဟ နေပါတယ် ။ ထိပ်ဆုံး ၃ သင်း နဲ့ အဆင့်လေး နေရာက ဝက်စ်ဟမ်း အသင်းတို့ရဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက်ကတော့ ငါးမှတ် အထိ ရှိနေပါတယ် ။

ကာရေဂါ နဲ့ ရွိုင်ကိန်း က ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး နဲ့ လီဗာပူး အသင်း တို့ရဲ့ ခြေစွမ်းကို သဘောကျပေမယ့် ဂွာဒီယိုယာ ရဲ့ မန်စီးတီး အသင်းကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ် သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ် ။

ကာရေဂါ က Sky Sports မှာ ” မနှစ်က မန်စီးတီး အသင်းကို ချန်ပီယံစာရင်း ကနေ ဖယ်ထုတ်ခဲ့မိတဲ့ အတွက် နောင်တ ရခဲ့ရပါတယ် ။ သူတို့က နိုဝင်ဘာမှာ ပုံစံကောင်း ပြန်ရပြီး နိုင်ပွဲတွေ အလွယ်တကူ ရယူသွားခဲ့ပါတယ် ။ ”

” အခုအချိန်မှာ ချဲလ်ဆီး နဲ့ လီဗာပူး တို့က သိပ်ကောင်းနေပေမယ့် ကျွန်တော်ကတော့ မန်စီးတီးဘက်ကပဲ ရှိနေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ကာရေဂါ ကလည်း ရွိုင်ကိန်း နဲ့ ပြောကြားချက်ကို သဘောတူ လက်ခံကြောင်း ထောက်ခံ သွားခဲ့ပါတယ် ။

” ဒီတစ်ပတ် က လီဗာပူး အတွက်တော့ သိပ်ကို ကောင်းမွန် သွားခဲ့တဲ့ ရက်သတ္တပတ် တစ်ခုပါပဲ ၊ ဒါပေမယ့် လီဗာပူး က ဒီရာသီ မထင်မှတ်တဲ့ ပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံး ခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော်ကတော့ ရွိုင် ပြောတာကို လက်ခံပါတယ် ၊ မန်စီးတီး ပဲ ချန်ပီယံ ဖြစ်သွားပါလိမ့်မယ် ။ ”

” လီဗာပူး က Clean-sheet အချို့ ရယူ ထားနိုင်ပေမယ့် နောက်တန်းက အနည်းငယ် ပွင့်ထွက်နေသလို ခံစားရပါတယ် ။ မန်စီးတီး အသင်းကတော့ ခံစစ်ပိုင်းမှာ တကယ့်ကို ကျစ်လစ် ကောင်းမွန်တယ်လို့ ခံစားမိပါတယ် ၊ လီဗာပူး က ဂိုးတွေ အများကြီး သွင်းနိုင်ပေမယ့် မန်စီးတီး ဘက်ကပဲ ရှိနေပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM