ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်းနဲ့ Top 4 ကို ခန့်မှန်းလိုက်တဲ့ ဂလင်း ဟော်ဒယ်

၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး စတင်လာခဲ့ရာ ၊ ပွဲစဉ် ၁၁ အထိ ပြီးဆုံးထားချိန် ၊ လက်ရှိ အမှတ်ပေးဇယားကို ချဲလ်ဆီး အသင်း က ရမှတ် ၂၆ မှတ်နဲ့ ဦးဆောင်နေပြီး ၊ အဆင့် ၂နဲ့ ၃ နေရာ က မန်စီးတီးနဲ့ ဝက်စ်ဟမ်း အသင်းတွေကို ၃မှတ် ၊ အဆင့် ၄ နေရာ က လီဗာပူးကို ၄မှတ် ဖြတ်ထားပါတယ် ။

အခုအခါမှာ ၂၀၂၁ ခုနှစ် အတွက် နောက်ဆုံး နိုင်ငံတကာ ပွဲကာလကို ကျော်ဖြတ်ထားပြီး ဖြစ်ရာ ၊ ယနေ့ည က စတင်ကာ ၊ နှစ်ကုန်တဲ့ အထိ မရပ်မနား ကလပ်ပွဲတွေ ဆက်တိုက် ကစားရတော့မှာ ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ချန်ပီယံ ပြေးလမ်းကြောင်းမှာ အတိမ်းအစောင်း မဖြစ်အောင် ၊ ထိုကာလ အတွင်း ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်ဖို့ အရေးကြီးနေပါတယ် ။ အခုအချိန် အထိ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို အင်အားကြီး အသင်း ၃သင်း ဖြစ်တဲ့ ချဲလ်ဆီး ၊ မန်စီးတီး နဲ့ လီဗာပူးတို့က အပြိုင် လုရမယ်လို့ တပြိုင်နက် ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၁၁ မှာ ဇယားထိပ် က ချဲလ်ဆီးတို့ တန်းဆင်းဇုန် က ဘန်လေကို အံ့အားသင့်ဖွယ် သရေသာ ကစားနိုင်ခဲ့လို့ ၊ ၅မှတ် အထိ ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ် ။ အလားတူ လီဗာပူး ဟာလည်း ခြေတက်နေတဲ့ ဝက်စ်ဟမ်း ကို ၃ – ၂ နဲ့ ရှုံးခဲ့လို့ ၊ ချဲလ်ဆီးနဲ့ အမှတ် ပြန်ကပ်ခွင့် လက်လွှတ်ခဲ့ရပါတယ် ။

 

သို့ပေမယ့် လက်ရှိ ချန်ပီယံ မန်စီးတီး က မန်ချက်စတာ ဒါဘီမှာ အနိုင်ရခဲ့တာကြောင့် ၊ အဆင့် ၂ နေရာကို တက်လှမ်းထားနိုင်ခဲ့ပါတယ် ။ ပထမ ရာသီဝက် အတွက် လက်ကျန်ပွဲတွေမှာ ထို ၃သင်းလုံး အတွက် ညီညီမျှမျှ ပွဲကြပ်နေတယ်လို့ ဆိုနိုင်ပေမယ့် ၊ တသင်းသင်း က ခြေမချော်မှသာ ၃သင်း မြင်းပြိုင်ပွဲ က ဆက်လက် အသက်ဝင်နေမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးနဲ့ တော့တင်ဟမ် နည်းပြဟောင်း တဦး ဖြစ်တဲ့ ဂလင်း ဟော်ဒယ် က ဒီရာသီမှာ ၎င်းရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီး ဟာ ရလဒ်နဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အရှိဆုံး အသင်း ဖြစ်တာကြောင့် ၊ နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားတဲ့ မန်စီးတီးနဲ့ လီဗာပူး တို့ကို ကျော်ဖြတ်ကာ ၊ ဒီရာသီ ချန်ပီယံ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုလိုက်ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်း ဟော်ဒယ် က ” ဒီရာသီ ချန်ပီယံ ဖြစ်မယ့် အသင်းကို ရွေးချယ်ရမယ် ဆိုရင် ကျွန်တော် ကတော့ ချဲလ်ဆီးကို ရွေးချင်ပါတယ် ။ မန်စီးတီး ဟာ ဒီရာသီ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီး ကို ၁ – ၀ နဲ့ အနိုင်ရခဲ့ပြီး ၊ အဲဒီပွဲမှာ ချဲလ်ဆီး ဟာ မန်စီးတီး အနားတောင် ကပ်မရခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ် ။ ”

” ဒါပေမယ့် အရိုးသားဆုံး ပြောရရင် သူတို့ဟာ မန်စီးတီးနဲ့ အပတ်တိုင်း ကစားနေတာမှ မဟုတ်တာ ။ လက်ရှိမှာ သူတို့ဟာ ရလဒ်နဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အရှိဆုံး အသင်း ဖြစ်တဲ့ပုံ ပေါ်နေပြီး ၊ တခြား အသင်းတွေထက်လည်း ပိုပြီး တည်ငြိမ်မှု ရှိနေပါတယ် ။ ”

” ဘယ်အသင်းတွေက ထိပ်ဆုံး ၄နေရာကို ရသွားကြမလဲ ။ စီးတီး ၊ ချဲလ်ဆီးနဲ့ လီဗာပူး က ၃နေရာ သေချာနေပြီး ၊ ကျန်တနေရာ က အသင်း အများအပြား ပြိုင်ဆိုင်ကြမယ်လို့ ထင်ပါတယ် ။ လက်ကျန် တနေရာ အတွက် အာဆင်နယ် ရမယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR