ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ အီရန်ရိုက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာ ချဲလ်ဆီး အသင်းဟာ ဒုတိယနေရာက လီဗာပူးကို ၃ မှတ် ဖြတ်ထားကာ အဆင့် ၃ နဲ့ အဆင့် ၄ နေရာ တို့မှာ ရှိနေတဲ့ မန်စီးတီး နဲ့ ၀က်ဟမ်း တို့ကတော့ ထိပ်ဆုံးက အသင်းနဲ့ ၅ မှတ် အကွာမှာ ရှိနေပါတယ်။ အီရန်ရိုက်က ချဲလ်ဆီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ကာ လီဗာပူး ကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနေတဲ့ မိုဆာလား ကြောင့် ဖလား အမှန်တကယ် စိန်ခေါ်နိုင်တဲ့ အသင်း ပြန်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

 

ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် သောမတ်တူချယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် အဓိက ပစ်မှတ်ထားလျက် ရှိနေပြီး လန်ဒန်ကလပ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲထိ နိုင်ထားခဲ့ပါတယ်။

လူကာကူ နဲ့ တီမိုဗာနာ တို့လို တိုက်စစ်မှုးတွေ ဒဏ်ရာရနေပေမယ့်လည်း အင်္ဂလန် နဲ့ အာဆင်နယ် တိုက်စစ်မှုးဟောင်း အီရန်ရိုက်က ချဲလ်ဆီးရဲ့ ဖလား အခွင့်အရေး အပေါ် ယုံကြည်မှု ရှိနေပါတယ်။

ရိုက်က “ရာသီအစမှာ ကတည်းက ချဲလ်ဆီးတို့ ဗိုလ်စွဲလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အခုထိလည်း ကျွန်တော် ချဲလ်ဆီးကို အကြိုက်တွေ့နေဆဲပါ။ လူတွေက တီမိုဗာနာဟာ လုံလောက်တဲ့ ဂိုးတွေ မသွင်းယူထားဘူးလို့ ပြောနေကြပေမယ့် သူဟာ ချဲလ်ဆီးကို သူ့ရဲ့ လုပ်အားတွေနဲ့ များစွာ ကူညီထားခဲ့ပြီး လူကာကူ ကတော့ ဂိုးတွေ သွင်းယူမှာပါ။ ကျွန်တော် ချဲလ်ဆီးကိုပဲ အကြိုက်တွေ့နေဆဲပါ။

ဒါပေမယ့် လီဗာပူးဟာ ဒီရာသီ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အတူ ပုံစံကောင်းကို ပြန်ရလာခဲ့ပြီး ဒီအတွက်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဖလားကို ရဖို့ တအားကို ခက်ခဲမှာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့တဲ့ ရာသီတုန်းကလို form မျိုး တစ်ဖြည်းဖြည်း ပြန်ရနေပါပြီ။ ဆုဖလား အတွက် တိုက်ပွဲ၀င်မယ့် အသင်းတွေဟာ စီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ပဲ ဖြစ်မှာပါ။ စတုတ္ထနေရာကိုတော့ ဘယ်အသင်း ရသွားမလဲ ဆိုတာ ကျွန်တော် မပြောတက်ပါဘူး။ ဒီအချိန်မှာ အဆင့် ၄ နေရာ ဘယ်သူ ရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် ကတော့ ဒီနေရာမှာ ၀က်ဟမ်းကို ရှိစေချင်ပါတယ်။” လို့ ဆိုသွားပါတယ်။

အီဂျစ်စတား ဖြစ်သူ မိုဟာမက်ဆာလားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၁၅ ဂိုးထိ သွင်းယူထားခဲ့ပြီး အီရန်ရိုက်က လီဗာပူး တိုက်စစ်မှုးဟာ လက်ရှိ form အရ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင် ဘယ်သူဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ရိုက်က “မိုဟာမက်ဆာလားဟာ လောလောဆယ် ထိပ်ဆုံးမှာ ရှိနေပါတယ်။ ကျွန်တော် ဂျေမီဗာဒီ လုပ်သမျှ တွေကို အမြဲတမ်း နှစ်သက်ခဲ့ပါတယ်။ တော့တင်ဟမ် အနေနဲ့ ဖန်တီးမှုပိုင်း အားနည်းနေတာကို ဖြေရှင်းနိုင်ခဲ့ပြီ ဆိုရင် ဟယ်ရီကိန်းက ပြန်လာအုံးမှာပါ။ ဒါပေမယ့် ဒီအချိန်မှာ ဆာလားက လွဲပြီး ဘယ်သူ့ကိုမှ ကျော်ကြည့်လို့ မ၇ပါဘူး။ သူဟာ ဒီအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ကျွန်တော် ယူဆပါတယ်။ သူဟာ လီဗာပူးကို စရောက်လာခဲ့တဲ့ ရာသီကလိုမျိုး ထိတိုင်းရွှေဖြစ်တဲ့ ပုံစံမျိုး ပြန်ရနေပါပြီ။”

SM