ဒီရာသီ ချန်ပီယံလိဂ်၀င်ခွင့် မရခဲ့ဘူးဆိုရင် မန်ယူနိုက်တက်ကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမား ၄ ဦးကို ပြောပြလိုက်တဲ့ ပေါလ်အင့်

ပေါလ်အင့်က မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ဘူးဆိုရင် သူတို့ရဲ့ ထိပ်တန်း ကစားသမား တစ်ချို့ကို လက်လွှတ် ဆုံးရှုံးသွားရနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အိုလီဂန်နာဆိုးရှား ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာနဲ့ ၄ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

နောက်ဆုံးလိဂ်ပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရခဲ့တာကြောင့် ယူနိုက်တက် ပရိတ်သတ် အများစုဟာ မန်နေဂျာ ပြောင်းလဲပေးရန် တောင်းဆိုနေကြပေမယ့် ထွက်ပေါ်နေတဲ့ သတင်းများအရ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ နည်းပြ ဆိုးရှားကို အနည်းဆုံး ရာသီကုန်ထိ အခွင့်အရေး ပေးသွားဖို့ များနေပါတယ်။

 

အာဆင်နယ်တို့ ပုံစံကောင်း ရနေတဲ့ အပြင် ၀က်ဟမ်းကလည်း လီဗာပူးကို လန်ဒန်စတေဒီယမ်မှာ အနိုင်ယူကာ အဆင့် ၃ နေရာထိ တက်လှမ်းနိုင်ခဲ့တာကြောင့် အင့်က ယူနိုက်တက် အနေနဲ့ top 4 အတွင်း ၀င်ဖို့တောင် အတော် ရုန်းကန် ရနိုင်တယ်လို့ ခံစားမိနေပါတယ်။ အကယ်လို့များ ယူနိုက်တက်သာ ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ဘူးဆိုရင် ကလပ်ရဲ့ ကြယ်ပွင့် ကစားသမား ၄ ဦးဟာ အိုးထရပ်ဖို့ဒ်ကို စွန့်ခွာ သွားကြလိမ့်မယ်လို့ သရဲနီဟောင်းက ခန့်မှန်းလိုက်ပါတယ်။

အင့်က “ကျွန်တော် သိရသလောက် ကတော့ အကယ်လို့များ သူတို့သာ ရာသီကုန်မှာ top 4 မ၀င်ခဲ့ဘူး ဆိုရင် အဲဒီမှာ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်သွားပါလိမ့်မယ်။ ယူနိုက်တက်ဟာ လက်ရှိ အနေအထား အရ ချန်ပီယံလိဂ် ၀င်ခွင့် ရမယ်လို့တောင် အာမမခံနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ အာဆင်နယ်တို့ ပြန်လည် နိုးထလာတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ အဆင့် ၄ နေရာကို ရယူနိုင်စွမ်း ရှိတဲ့ အသင်းတွေ အများအပြားလည်း ရှိပါတယ်။

လက်ရှိ အနေအထားနဲ့သာ ဆိုရင် ယူနိုက်တက်ဟာ လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် မရရှိနိုင်လောက် ပါဘူး။ ချန်ပီယံလိဂ် ၀င်ခွင့်သာ မရခဲ့ဘူးဆိုရင် လာမည့် နွေရာသီမှာ ရော်နယ်ဒိုဟာ ကလပ်ကနေ ထွက်ခွာသွားမှာ ဖြစ်သလို ပေါ့ဘာကလည်း ထွက်ခွာ သွားမှာပါ။ ဒါ့ကြောင့် ယူနိုက်တက် အနေနဲ့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အကယ်ဒမီ ကနေ ပေါ်ထွက်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကလေးတွေ ဖြစ်ကြတဲ့ မေဆင်ဂရင်းဝုဒ် နဲ့ မားကပ်ရပ်ဖို့ဒ် တို့လို အရည်အသွေးမြင့် ကစားသမားတွေ ကလည်း ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲမှာ ကစားခွင့် မရဘူးဆိုရင် အတော့်ကို စိတ်ပျက်နေကြမှာပါ။ သူတို့ ကလပ်ကနေ မထွက်ခွာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ?

အဲဒီနောက် သူတို့ဟာ အားလုံးကို အသစ်ကနေ ပြန်လည် စတင်သွားရအုံးမှာပါ။ နောက်ထပ် ဘီလီယံ၀က်လောက် သုံးပြီး အသင်း အတွက် မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးစား ရမှာပါ။ ဒါ့ကြောင့် အသင်းဟာ ဒါတွေနဲ့ နပန်းလုံးနေပြီး အရင်လို အဆင့်ကို ရောက်ဖို့ ဝေးကွာနေအုံးမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ပေါ့ဘာဟာ လာမည့် နွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ အိုလီဂန်နာဆိုးရှားရဲ့ အဓိက ဦးစားပေး ကစားသမားတွေ ထဲမှာ မပါ၀င်တာကြောင့် ကလပ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်မယ့် အခြေအနေမှာ မရှိပါဘူး။ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ဂိုးတွေ သွင်းယူနိုင်ဆဲ ဖြစ်တဲ့ ရော်နယ်ဒို ကလည်း ချန်ပီယံလိဂ်၀င်ခွင့်သာ မရခဲ့ဘူးဆိုရင် အသင်းပြောင်းမယ့် အခြေအနေ ရှိနေတဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမည့် နို၀င်ဘာလ ၂၀ ရက်နေ့မှာ ၀က်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲလမ်းကြောင်းပေါ်ကို ပြန်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

SM