ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၃ သင်းကို ပြောပြလိုက်တဲ့ မိုက်ကယ်အို၀င်

မိုက်ကယ်အို၀င်က လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်တယ်လို့ ခန့်မှန်းလိုက်ပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် လီဗာပူးတို့ အဓိက ယှဉ်ပြိုင်သွားရမယ့် အသင်းတွေဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာစီးတီး နဲ့ ချဲလ်ဆီး တို့ ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ကလော့ရဲ့အသင်းဟာ ယနေ့မနက်က အက်သလက်တီကို အန်ဖီးမှာ ၂-၀ နဲ့ အနိုင်ယူကာ ၄ ပွဲကစား ရမှတ် ၁၂ မှတ် နဲ့ အုပ်စုဗိုလ် အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၁၈ က ချန်ပီယံလိဂ်မှာ ဒုတိယနေရာ ရခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အို၀င်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဒီရာသီမှာ နောက်ထပ် ဥရောပ အောင်မြင်မှု ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အင်္ဂလန် တိုက်စစ်မှုးက ယာဂန်ကလော့ရဲ့ အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်တယ်လို့ ယုံကြည်နေပြီး ဥရောပမှာ လီဗာပူးရဲ့ ဖလားမျှော်လင့်ချက်ကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်မယ့် အသင်းတွေဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ သောမတ်တူချယ်ရဲ့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်နေသလို ချန်ပီယံလိဂ် ၄ ပွဲမှာ ၃ ပွဲ နိုင်ထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

မန်စီးတီးကလည်း မနေ့ညက ကလပ်ဘရုကို ၄-၁ နဲ့ အနိုင်ယူကာ ရှုံးထွက်အဆင့်ကို သာသာယာယာ တက်သွားဖို့ ရှိနေပါတယ်။

အို၀င်က “လက်ရှိအချိန်မှာ အင်္ဂလန် ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ဟာ ကျန်လိဂ်တွေ အားလုံးရဲ့ အထက်မှာ ရှိနေပြီး အသင်းတွေဟာ တောင့်တင်းသထက် တောင့်တင်းလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အားလုံးရဲ့ ရှေ့မှာ ရှိနေပြီး ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီက အီတလီလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ၂ ဦး ဖြစ်တဲ့ လူကာကူ နဲ့ ရော်နယ်ဒို တို့ကို ခေါ်ယူခဲ့ပါတယ်။

လီယွန်နယ်မက်ဆီ ပိုမို အားနည်းတဲ့ လိဂ်တစ်ခုကို ရွေ့ပြောင်းခဲ့တာကြောင့် စပိန်လိဂ်ဟာ ပိုပြီး အားနည်း သွားခဲ့ပါတယ်။ ပြင်သစ်လိဂ်ကို ကျွန်တော် ဘယ်တုန်းကမှ စိတ်၀င်တစား မရှိခဲ့ပါဘူး။ ကျွန်တော်တို့ လိဂ်မှာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေက အပြည့်ပါ။ ချန်ပီယံလိဂ်မှာ လီဗာပူးရဲ့ အဓိက ပြိုင်ဘက်တွေဟာ ချဲလ်ဆီး နဲ့ မန်စီးတီး လို့ပဲ ကျွန်တော် ထင်ပါတယ်။

အန်ဖီးမှာ လီဗာပူးရဲ့ လွှမ်းမိုးမှုကို ကြည့်လိုက်ပါ။ ကျွန်တော် ဒါကို ခေါင်းထဲကနေ ထုတ်လို့ မရနိုင်ပါဘူး။ ရှုံးထွက်အဆင့်တွေရဲ့ ဒုတိယ အကျော့မှာ အန်ဖီးမှာ သွားရောက် ကစားရတာဟာ တအားကို ခက်ခဲလှပါတယ်။ လီဗာပူးဟာ အန်ဖီးမှာ အနိုင်ယူလို့ မရနိုင်လောက်အောင် ကောင်းပါတယ်။ ဒ့ါကြောင့် လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ပြောသွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM