ဒီနှစ် ရွှေဘောလုံးဆု နဲ့ မက်ဆီ ထိုက်တန်ရဲ့လား . . . နောက်ထပ် ရွှေဘောလုံးဆုတွေ ထပ်ရနိုင်ချေရော ရှိသေးလား?

၂၀၂၁ ခုနှစ် ရွှေဘောလုံး ဆုပေးပွဲကြီးကတော့ ဘာစီလိုနာ နဲ့ PSG တို့ရဲ့ အောင်ပွဲခံမှုတွေ နဲ့ ပြီးဆုံး သွားခဲ့ ပါပြီ ။

PSG ကတော့ တနှစ်တာ အကောင်းဆုံး ကစားသမား နဲ့ ဂိုးသမားဆုရှင်တွေကို တပြားမှ မပေးရဘဲ ခေါ်နိုင်ခဲ့တာပါ ။

ဘာစီလိုနာ ကတော့ ပက်ဒရီ ရဲ့ လူငယ်ဆု ၊ အဲလက်ဆီယာ ပူတဲလက်စ် ရဲ့ အမျိုးသမီးဆုတွေ အပြင် ရွှေဘောလုံး ဆုရှင် မက်ဆီ ဟာလည်း မနှစ်က ဘာဆာ မှာ ကစားရင်း ပြသခဲ့တဲ့ စွမ်းဆောင်မှုတွေကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်လို့ လာပေါ်တာ တယောက် ဂုဏ်ယူမဆုံး ဖြစ်နေခဲ့တာကို တွေ့မြင် ခဲ့ပါတယ် ။

ဆုပေးပွဲကတော့ ပြီးသွားပါပြီ . . . မေးခွန်းတွေ ကတော့ ကျန်နေဆဲပါပဲ ။

မက်ဆီ ဒီဆု နဲ့ ထိုက်တန် ရဲ့လား . . .

လီဝန်ဒေါ့စကီး ကရော ဒီဆုကို မရသင့်ဘူးလား . . .

မက်ဆီ အတွက် ရွှေဘောလုံး နံပါတ် ၈ ၊ နံပါတ် ၉ တွေ ထပ်ရှိလာနိုင်သေးလား . . .

အလွယ်ဆုံး မေးခွန်းကို အရင်ဆုံး ဖြေကြည့်ကြရအောင် ၊ လီဝန်ဒေါ့စကီး က ရွှေဘောလုံး နဲ့ ထိုက်တန်ရဲ့လား . . .

လုံး၀ ထိုက်တန်ပါတယ် ။ ဒါပေမယ့် ၂၀၂၀ ခုနှစ် တုန်းက ဆု အတွက်ပါ ။ ဒီနှစ် အတွက်တော့ မဟုတ်ပါဘူး ။

မနှစ်တုန်းက လီဝန်ဒေါ့စကီး ဟာ တနှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်တယ်ဆိုတာကို အားလုံး သဘောတူ လက်ခံ ထားပြီးသားပါ ။ မနေ့ညက ဆုပေးပွဲ စင်ပေါ်မှာ မက်ဆီ ကိုယ်တိုင် ဒါကို ထည့်ပြော သွားခဲ့ပါတယ် ။

ဒါပေမယ့် ၂၀၂၀-၂၁ ရာသီမှာတော့ ဘိုင်ယန် လည်း မအောင်မြင်သလို လီဝန်ဒေါ့စကီး လည်း ဥရောပ ရွှေဖိနပ်ဆု နဲ့ ဂိုးတွေ ပုံမှန် သွင်းနေတာကလွဲရင် ၁၉-၂၀ တုန်းကလို ပြိုင်ဘက်တွေကို အလဲထိုး အပြတ်ဖြတ် နိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေ မရှိခဲ့ ပါဘူး ။

ဒါဆိုရင် ဘာလို့ လီဝန်ဒေါ့စကီး က ရေပန်းစား နေရတာလဲ ၊ အဓိက အချက် ကတော့ မနှစ်က ဆုကို မပေးခဲ့လို့ပါ ။ ၃၄ နှစ် ရှိနေပြီ ဖြစ်တဲ့ ပိုလန်သားကြီး အတွက် ဒီဆု ဟာ နောက်တခါ ထပ်ရဖို့ မဖြစ်နိုင် လောက်တဲ့ အခွင့်အရေး ဖြစ်တာကြောင့် လီဝန်ဒေါ့စကီး ကို ဒီဆု ရစေချင်သူတွေ ရှိလာခဲ့ ပါတယ် ။

မက်ဆီ ကို မရစေလိုသူတွေ ၊ လီဝန် ဒေါ့စကီး ကို စာနာသူတွေ ဟာ တဘက်တည်းမှာ စုပေါင်း သွားတာကြောင့် အခုလို ပိုလန်သားကြီးက မက်ဆီ ကို ပုခုံးချင်း ယှဉ်နိုင်သယောင် ခံစားမိလာစေခဲ့တာပါ ။

 

တကယ်တော့ လီဝန်ဒေါ့စကီး ကိုယ်တိုင် ဒီနှစ်ဆုဟာ သူ့အတွက် မဟုတ်ဘူးဆိုတာကို ကျေကျေ နပ်နပ် လက်ခံ ထားတာကို မနေ့ည ဆုပေးပွဲက ပုံရိပ်တွေက သက်သေခံလို့ နေပါတယ် ။

နောက်ထပ် မေးခွန်း ကတော့ မက်ဆီ ဟာ ဒီဆု နဲ့ ထိုက်တန်ရဲ့လား ဆိုတာပါ ။

ဘာလို့ မထိုက်တန် ရမှာလဲ ? ၂၀၂၀ – ၂၁ ဘောလုံး ရာသီမှာ မက်ဆီ ထက် Overall စွမ်းဆောင်ရည် ကောင်းတဲ့ ကစားသမား မရှိပါဘူး ။

ဂိုးသွင်းမှု ၊ ဂိုးဖန်တီးမှု ၊ အခွင့်အရေး ဖန်တီးနိုင်စွမ်း စတဲ့ တိုက်စစ်သမား တယောက်ရဲ့ စွမ်းဆောင်ရည်တွေမှာသာ မက်ဆီက ဦးဆောင်ခဲ့တာ မဟုတ်ပါဘူး ၊ ကွင်းလယ်လူ တယောက်ရဲ့ စွမ်းဆောင်ရည် အပိုင်းတွေမှာလည်း တကယ့် ကွင်းလယ်လူ စစ်စစ်တွေ ထက်တောင် မက်ဆီ က ပိုပြီး စွမ်းဆောင် ပြထားခဲ့တာပါ ။

ဆုဖလား ဆိုရင်လည်း ချန်ပီယံလိဂ် နဲ့ လာလီဂါ မရတာကလွဲရင် ကလပ် အတွက်ရော နိုင်ငံ နဲ့ပါ မက်ဆီ အောင်ပွဲ ဆင်နိုင်ခဲ့ ပါတယ် ။

မက်ဆီ ဟာ ၁၉၉၉ တုန်းက ရွှေဘောလုံးဆုကို ရခဲ့တဲ့ ရီဗယ်ဒို နဲ့ အဖြစ်ချင်း သွားဆင်နေပါတယ် ။

အဲ့ဒိ တုန်းကလည်း ရီဗယ်ဒို ရဲ့ ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် မှာ မအောင်မြင်ခဲ့ ပါဘူး ၊ ဒါပေမယ့် ရီဗယ်ဒို ဟာ တနှစ်တာလုံး ခြေစွမ်းပြခဲ့သလို နွေရာသီမှာ ကစားတဲ့ ကိုပါ အမေရိက မှာလည်း ဘရာဇီး ကို သူ့ရဲ့ ဂိုးတွေနဲ့ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ ပါတယ် ။

သူကိုယ်တိုင်လည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ၊ ရွှေဖိနပ်ဆုတွေ ရခဲ့တာပါ ။

ဒါကြောင့် ချန်ပီယံလိဂ် ရတဲ့ မန်ချက်စတာ ယူနိုက်တက် က ဒေးဗစ် ဘက်ခမ်း ကို ကျော်ပြီး ရီဗယ်ဒို ရွှေဘောလုံး ရခဲ့ပါတယ် ။

တတိယ နဲ့ နောက်ဆုံး မေးခွန်း ကတော့ မက်ဆီ ဒီ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကြီးကို ထပ်ပြီး ရယူနိုင်မလား ဆိုတာပါ ။

လက်ရှိမှာ မက်ဆီ က ၃၅ နှစ်ထဲကို ရောက်စပြုနေ ပါပြီ ။ အရင်လောက် မစွမ်းဆောင် နိုင်တော့ပါဘူး ၊ ဒါပေမယ့် ထိပ်တန်း ကစားသမား အဆင့်မှာတော့ ရှိနေတုန်း ပါပဲ ။

မက်ဆီ အတွက် ရွှေဘောလုံး နံပါတ် ၈ ကို ရဖို့ အကောင်းဆုံး ကတော့ အခု ရာသီပါ ။

ကမ္ဘာ့ဖလား ရှိပေမယ့် နိုဝင်ဘာ – ဒီဇင်ဘာမှ ကျင်းပမှာ ဖြစ်တာကြောင့် ရွှေဘောလုံး အတွက် မဲပေးမယ့် စက်တင်ဘာ – အောက်တိုဘာ မှာ ဒီပြိုင်ပွဲ က ရှိဦးမှာ မဟုတ်ပါဘူး ။

ဒါကြောင့် ပြည်တွင်း လိဂ် က ခြေစွမ်းတွေ ၊ ဥရောပ ပြိုင်ပွဲ က ခြေစွမ်း နဲ့ အောင်မြင်မှုတွေကိုပဲ အဓိက ကြည့်ပြီး ဆုံးဖြတ် ကြမှာပါ ။

PSG ဟာ လူသစ်တွေ နဲ့ အတွဲ မမိသေးပေမယ့် သူတို့ အားလုံးဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်တာကို မေ့ထားလို့ မရပါဘူး ။ အခိုက်အတန့်လေး တခုတည်းနဲ့ အားလုံးကို ပေါင်းစပ် သွားစေနိုင်ပြီး ဘယ်သူမှ လိုက်မမီလောက်အောင် ကောင်းချင် ကောင်းသွားလို့ ရနိုင်ပါတယ် ။

ဒါကြောင့် PSG သာ ဒီနှစ် ချန်ပီယံလိဂ် ကို ရခဲ့ရင် မက်ဆီ က သေချာပေါက် ဖန်တီးသူ ၊ ဒါမှ မဟုတ် ဂိုးသွင်းရှင် တနေရာရာ ကနေ အရေးပါသူ အဖြစ် ရှိလာမှာပါ ။

ဒါဆိုရင် လာမယ့် ရွှေဘောလုံးဆုဟာ မက်ဆီ ရဲ့ နံပါတ် ၈ ခုမြောက် ဖြစ်လာဖို့ အလားအလာ ကောင်းနိုင်ပါတယ် ။

ကမ္ဘာ့ဖလား ကိုတော့ အများကြီး မျှော်မှန်း မထားရဲ ပါဘူး ၊ အာဂျင်တီးနား ထက် ခြေစွမ်းထက်တဲ့ အသင်းတွေ များနေတာကြောင့် ပါပဲ ။

မက်ဆီ အတွက်ကတော့ ရွှေဘောလုံး ထပ်ရသည် ဖြစ်စေ မရသည် ဖြစ်စေ လုံလောက်လို့ နေပါပြီ ။

၈ ခုထက်လည်း ပိုရဖို့ မရှိ နိုင်ပါဘူး ။ ၈ ခု ဆိုတာကလည်း တော်တော်ကြီးကို သြချရလောက်စရာ ဖြစ်နေပါပြီ ။

ဒါကြောင့်လည်း မက်ဆီ ကို အခြားကမ္ဘာ က ဂြိုဟ်သား ၊ GOAT ( Greatest of All Time ) လို့ ခေါ်ဝေါ် သမုတ်ကြတာ အဆန်းတော့ မဟုတ်ပါဘူး ။

 

SPORTS MYANMAR