ဒီနှစ် ရွှေဘောလုံးဆုကို မက်ဆီ ရဖို့ မထိုက်တန်ကြောင်း ပြောကြားလိုက်ကြတဲ့ တိုနီခရူးစ် နဲ့ ကာဆီးလက်စ်

 

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ် နဲ့ ဂန္တဝင် ဂိုးသမား ကာဆီးလက်စ် တို့ဟာ ဒီနှစ် Ballon d’Or ဆုကို လီယွန်နယ် မက်ဆီ ရရှိ သွားတဲ့ အပေါ် မေးခွန်းထုတ် ဝေဖန် လိုက်ကြပြီး သူ့ထက် ပိုမို ထိုက်တန်တဲ့သူတွေ ရှိတယ်လို့ ပြောကြား လိုက်ကြပါတယ် ။

ပီအက်စ်ဂျီ တိုက်စစ် ကစားသမား မက်ဆီ ဟာ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ကို ကျော်ဖြတ်ပြီး ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံးဆုကို ရရှိ သွားခဲ့ပါတယ် ။ မက်ဆီ အတွက်တော့ ရွှေဘောလုံးဆုကို ၇ ကြိမ်မြောက် ရရှိတာ ဖြစ်ပြီး ရွှေဘောလုံးဆု ၇ ကြိမ်ရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အသက် ၃၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မက်ဆီ ဟာ ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံ လက်ရွေးစင် အာဂျင်တီးနား အသင်း နဲ့ အတူ ကိုပါ အမေရိက ချန်ပီယံ ဖြစ်ခဲ့သလို ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါဂိုး ၃၀ အထိ သွင်းပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းကို မပြောင်းရွှေ့မှီမှာလည်း ဘာစီလိုနာ အသင်းကို ကိုပါဒယ်ရေး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီနှစ်ရွှေဘောလုံးဆုကို မက်ဆီ ရသွားတဲ့ အပေါ် ဝေဖန်မှုတွေလည်း ရှိနေကြပါတယ် ။

ပရိသတ်တွေဟာ မနှစ်က ကိုဗစ် ကပ်ဆိုးကြီးကြောင့် ရွှေဘောလုံးဆုကြီး နဲ့ လွဲချော် ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီး ကို ဒီနှစ် ရွှေဘောလုံးဆု ရစေချင်ခဲ့ကြတာပါ ။

ပိုလန် လက်ရွေးစင် လီဝန်ဒေါ့စကီး ဟာ ၂၀၂၁ ခုနှစ်အတွင်း လိဂ်ပြိုင်ပွဲမှာ ပွဲ ၃၀ ကစား ၃၈ ဂိုးအထိ သွင်းပြီး ဘိုင်ယန်မြူးနစ် အသင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

လီဝန်ဒေါစကီး ဟာ ဒီနှစ်မှာလည်း ရွှေဘောလုံးဆု ရရှိဖို့ ရေပန်းစား ခဲ့ပေမယ့် မက်ဆီ ရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပါတယ် ။ လီဝန်ဒေါစကီး ဟာ ဒီနှစ် ရွှေဘောလုံးဆုရှင် မက်ဆီ ထက် ရမှတ် ၃၃ မှတ် နည်းခဲ့ပြီး တတိယနေရာက ဂျော်ဂျင်ဟို ထက် ရမှတ် ၁၂၀ အသာ ရခဲ့ပါတယ် ။

ဂျာမနီ နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ် ကတော့ မက်ဆီ ရွှေဘောလုံးဆု ရသွားတဲ့ အပေါ် ဝေဖန်လိုက်ပြီး ရွှေဘောလုံးဆု အတွက် သူ မဲပေးခဲ့တဲ့ ထိပ်ဆုံး ကစားသမား ၃ ဦးနာမည်ကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

” တကယ့်ကို လုံးဝ ထိုက်တန်မှု မရှိဘူးလို့ ပြောချင်ပါတယ် ၊ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ရဲ့ အကောင်းဆုံး ကစားသမားတွေဆိုတာ သံသယ ဖြစ်ဖွယ်ရာ မရှိပါဘူး ၊ ဒါပေမယ့် ဒီနှစ်မှာ သူ့(မက်ဆီ) ထက် ပိုမို ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေပါတယ် ။ ”

ဆက်လက်ပြီး ခရူးစ် က ဒီနှစ် ရွှေဘောလုံးဆုအတွက် သူ့ရဲ့ထိပ်ဆုံး ကစားသမား ၃ ဦးဟာ ဘန်ဇီးမား ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ စပိန် ဂန္တဝင် ဂိုးသမား ကာဆီးလက်စ် ကလည်း ဒီနှစ် မက်ဆီ ဆုရသွားတဲ့ အပေါ် ယုံကြည်ပေးဖို့ အတော်ခက်ခဲကြောင်း ဆိုပါတယ် ။

” ဘောလုံးဆုတွေ ရွေးချယ် ပေးအပ်မှုအပေါ် ယုံကြည်ပေးဖို့ ကျွန်တော့်အတွက် ပိုပိုပြီး ခက်ခဲလာတာ အမှန်ပါပဲ ။ မက်ဆီ က အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ ၊ ဒါပေမယ့် ဘောလုံးရာသီ တစ်ခုပြီးရင် ဘယ်သူက အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလဲဆိုတာ သိရမှာပါ ၊ သိဖို့လည်း သိပ်အခက်ခဲကြီးမှ မဟုတ်တာဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM