ဒီနှစ် ရွှေဘောလုံးဆုကို အသင်းဖော် မက်ဆီ ရရှိဖို့ မျှော်လင့် နေတဲ့ ရာမိုစ့်

ဆာဂျီယို ရာမိုစ့် နဲ့ လီယွန်နယ် မက်ဆီ တို့ဟာ စပိန်လာလီဂါမှာ ပြိုင်ဘက် အဖြစ် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြသူတွေပါ ။ ဒီနွေရာသီ အပြောင်းအရွှေ့မှာတော့ ရာမိုစ့် ရော မက်ဆီ ရောဟာ စပိန်မြေကို စွန့်ခွာ ခဲ့ပြီး ပြင်သစ် လီဂူး ၁ ကလပ် ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ကြပါတယ် ။

အရင်က ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားခဲ့ကြတဲ့ မက်ဆီ နဲ့ ရာမိုစ့် တို့ဟာ ဒီတစ်ပတ် စိန့်အက်တီယန် နဲ့ ပွဲမှာတော့ အသင်းဖော် အဖြစ် ပထမဆုံး အကြိမ် ပွဲချိန်ပြည့် တွဲဖက် ကစားခဲ့ကြပါတယ် ။ အဆိုပါ ပွဲမှာ မက်ဆီ ဟာ ဂိုးမသွင်း နိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၃ ကြိမ် အထိ လုပ်နိုင် ခဲ့ပါတယ် ။

စနေနေ့က ပီအက်စ်ဂျီ အသင်းမှာ မက်ဆီ နဲ့ အတူ ပထမဆုံး အကြိမ် ပွဲချိန်ပြည့် တွဲဖက် ကစားခဲ့တဲ့ ရာမိုစ့် ဟာ ESPN နဲ့ အင်တာဗျူးမှာ ဒီနှစ် Ballon d’Or ဆုကို အသင်းဖော် မက်ဆီ ရဖို့ မျှော်လင့် ဆုတောင်း နေကြောင်း ဖွင့်ဟ သွားခဲ့ပါတယ် ။

မနှစ်က ကိုဗစ်ကြောင့် မချီးမြှင့် ဖြစ်ခဲ့တဲ့ ရွှေဘောလုံးဆုကို ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် နံနက် ၂ နာရီ ) မှာ ချီးမြှင့် သွားမှာ ဖြစ်ပြီး ပီအက်စ်ဂျီ စတား လီယွန်နယ် မက်ဆီ ရရှိဖို့ အထူး ရေပန်းစား နေပါတယ် ။

မက်ဆီ အနေနဲ့ ဒီနှစ် ရွှေဘောလုံးဆုကို ထပ်ရပါက သူ့အတွက် ကစားသမားဘဝ ၇ ကြိမ်မြောက် ရွှေဘောလုံးဆု ဖြစ်မှာ ဖြစ်ပါတယ် ။ ရာမိုစ့် ကတော့ ဒီနှစ် ရွှေဘောလုံးဆုကို မက်ဆီ ရဖို့ ထိုက်တန်ကြောင်း အပြည့်အဝ ထောက်ခံ ပေးသွားခဲ့ပါတယ် ။

” ဒါပေါ့ဗျာ ၊ သူ ဒီနှစ် ရွှေဘောလုံးဆု ရဖို့ ကျွန်တော်ကတော့ မျှော်လင့်ထားပါတယ် ။ ကျွန်တော်ကတော့ ကိုယ့်အသင်းက ကစားသမားတွေဘက်ကပဲ ရပ်တည် ကာကွယ် ပေးသွားမှာပါ ၊ သူ ကံကောင်းပါစေလို့လည်း ကျွန်တော် ဆုတောင်း ပေးနေပါတယ် ။ ”

” သူ(မက်ဆီ) က ပုံစံကောင်းမှာ ရှိနေပါတယ် ၊ သူက ပွဲကို ခြားနားမှုတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ကစားသမားပါ ၊ ဒါ့အပြင် ပြိုင်ဘက်ကင်း ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ၊ အသင်းမှာ သူလို ကစားသမား ရှိနေတာက တစ်ပန်းသာ စေပါတယ် ။ ”

” ကျွန်တော်တို့ ပီအက်စ်ဂျီ အသင်းသားတွေ အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အသွေးတွေကို ထုတ်ပြပြီး အသင်း ပိုကြီးကျယ်ခမ်းနားလာအောင် အသင်းရဲ့ရည်မှန်းချက် ပန်းတိုင်တွေ ပြည့်ဝ လာအောင် တဖြည်းဖြည်း လုပ်ဆောင် သွားရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM