ဒီနှစ် ရွှေဘောလုံးဆုကို မက်ဆီ ဘာကြောင့် ရယူသွားနိုင်ကြောင်း ၂ ဦး အတူ သုံးသပ်ခဲ့ကြတဲ့ ကာရေဂါ နဲ့ အွန်နရီ

PSG နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ၂၀၂၁ ခုနှစ် ရွှေဘောလုံးဆု အတွက် ဘိုင်ယန် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ၊ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို တို့နဲ့ အပြိုင် ရေပန်း စားနေပါတယ် ။

ဒီနှစ်မှာ ပေးအပ်မယ့် ရွှေဘောလုံးဆုဟာ သမိုင်း တလျောက် ကွာဟချက် အနည်းဆုံး နှစ် ဖြစ်လာမယ်လို့ သုံးသပ်မှုတွေ ရှိလာခဲ့ပြီး ဘယ်သူ ရရှိသည် ဖြစ်စေ ထိုက်တန်သူ နဲ့ မထိုက်တန်သူ တွေ ဆက်လက် ငြင်းခုန် စရာ ဖြစ်စေ လိမ့်မယ်လို့လည်း ခန့်မှန်း ထားကြပါတယ် ။

ပြင်သစ် ရဲ့ နာမည်ကျော် L’Equipe Magazine ( France Football ) က ကြီးမှူး ပေးအပ်တဲ့ ရွှေဘောလုံး ( Ballon D’or ) ဆုဟာ ဘောလုံးလောက ရဲ့ ဂုဏ် သိက္ခာမြင့်မားတဲ့ ဆုတခု ဖြစ်ပြီး အဆိုပါ ဆုကို ရရှိသူဟာ အဲ့ဒိ နှစ် အတွက် အကောင်းဆုံး လို့ သတ်မှတ် နိုင်ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက L’Equipe ဟာ ကိုဗစ် ကပ်ဘေးဆိုးကြီးကြောင့် ဆုပေးပွဲ ကို မကျင်းပဘဲ ဖျက်သိမ်း ခဲ့ ပါတယ် ။

ဒါကြောင့် အဲ့ဒိ နှစ်တုန်းက အပြတ်အသတ် အသာ ရရှိနေတဲ့ လီဝန်ဒေါ့စကီး ဟာ နစ်နာ စရာ ဖြစ်စေခဲ့ပြီး တိုက်စစ်မှူးကြီး အပေါ် စိတ်မကောင်း ဖြစ်သူတွေဟာ ဒီနှစ်ဆု အတွက် မဲပေးရာမှာ လီဝန်ဒေါ့စကီး ဘက်တော်သားတွေ ဖြစ်လာခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး နဲ့ ချန်ပီယံလိဂ် ၊ နွေရာသီမှာ အီတလီ နဲ့ ယူရို ဖလားတွေကို ရယူနိုင် ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ မနှစ်က ဘာဆုဖလားမှ မရပေမယ့် တောက်လျောက် ခြေစွမ်းပြပြီး ဒီရာသီ မှာလည်း ဂိုးသွင်းအား ကောင်းနေဆဲ ဖြစ်တဲ့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ တို့ ကိုလည်း ရွှေဘောလုံးဆု နဲ့ ထိုက်တန်တယ်လို့ ထောက်ခံ ပြောဆို သူတွေ ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ဂျေမီ ကာရေဂါ နဲ့ သီယာရီ အွန်နရီ တို့ ကတော့ နွေရာသီ တုန်းက အာဂျင်တီးနား နဲ့ ရရှိ ခဲ့တဲ့ ကိုပါ အမေရိက ဖလားဟာ မက်ဆီ ကို ဒီနှစ် ရွှေဘောလုံး ဆု အားပြိုင်မှုမှာ ပြိုင်ဘက်တွေထက် အသာ ရရှိ သွားစေခဲ့တယ် လို့ ယူဆ ခဲ့ပါတယ် ။

ဒါကြောင့် သူတို့ ၂ ယောက်ဟာ မ ကြာခင်မှာ ပေးအပ် တော့မယ့် ရွှေဘောလုံးဆု အတွက် မက်ဆီ ကို ရွေးချယ် ခဲ့ပြီး ဘာကြောင့် ဆိုတာ ကိုလည်း သုံးသပ် ပြောဆို ခဲ့ကြပါတယ် ။

“မက်ဆီ ဒီနှစ် ဆုကို ရမှာပါ ။ ကိုပါ အမေရိက မှာ အာဂျင်တီးနား နဲ့ ဖလားရခဲ့တာ ၊ အကောင်းဆုံး ဆုတွေ ၊ ရွှေဖိနပ်တွေ ရခဲ့တာက အများကြီး အရေးပါ သွားခဲ့ ပါတယ်” လို့ အွန်နရီ က ပြောဆိုခဲ့ ပါတယ် ။

ကာရေဂါ ကတော့ “ကျွန်တော် ကတော့ လီဝန်ဒေါ့စကီး လည်း ဒီဆုနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် နိုင်ငံ တကာ ပြိုင်ပွဲ ဘက်မှာတော့ သူက ကျန်တဲ့ ၂ ယောက်ထက် နိမ့်နေ ခဲ့ပါတယ် ။

ကျွန်တော် မဲပေးခွင့် ရှိမယ်ဆိုရင် လီဝန်ဒေါ့စကီး ကို ပေးမှာပါ ၊ ဒါပေမယ့် မက်ဆီ ဒီနှစ် ဆုကို ရမယ်လို့ ထင်ပါတယ် ။

လူတွေက နောက်ဆုံးမှာ မက်ဆီ အာဂျင်တီးနား အတွက် လုပ်ပြ နိုင်ခဲ့ပြီလို့ ခံစားမိခဲ့ကြပါပြီ ။ ဒါက ဆုအတွက် အဓိက အပြောင်းအလဲ ဖြစ်စေမှာပါ” လို့ ပြောဆိုရင်း အွန်နရီ ကို ထောက်ခံ သွားခဲ့ ပါတယ် ။

၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံးဆု ပေးပွဲ ကိုတော့ နောက်ထပ် ၄ ရက် အကြာ ၊ နိုဝင်ဘာ ၂၉ ရက်နေ့ မှာ ပြင်သစ် နိုင်ငံ မှာ ပေးအပ် ချီးမြှင့် သွားမှာပဲ ဖြစ်ပါတယ် ။

ရွှေဘောလုံး ဆုရှင် ဟာ ဆုပေးပွဲ မတိုင်ခင် ကတည်းက ကြိုတင် သိရှိ ထားပြီး ဖြစ်သလို သတင်းသမားတွေ ဆီမှာလည်း ဆုပေးပွဲ မပြုလုပ်ခင် တရက် အလိုလောက်မှာ ပေါက်ကြားမှုတွေ ရှိတတ် ပါတယ် ။

ဒီနှစ်ဆု ကို မက်ဆီ တကယ်ပဲ ရယူသွားနိုင်မလား ဆိုတာကတော့ . . . . .

 

SPORTS MYANMAR