ဒီနှစ်မှ လီဝန်ဒေါ့စကီး ကို မပေးဘူး ဆိုရင် ဒီ ဆုကို ဆွတ်ခူးဖို့က တော်တော်လေးကို ပရိယာယ် များလွန်းပါတယ် #ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က သူ့ရဲ့ ကစားသမား မို ဆာလာ ဟာ ဘလွန်းဒီအော် အဆင့် သတ်မှတ်ချက်မှာ အဆင့် 7 ထက် ပိုမြင့်မားတဲ့ နေရာမျိုးမှာ ရှိခဲ့သင့်တယ်လို့ မှတ်ချက်ပေးလိုက်သလို ၊ လီယွန်နယ် မက်ဆီ ဆွတ်ခူး သွားခဲ့တာ နဲ့ ပတ်သက်ပြီးလဲ မေးခွန်း ထုတ်သွားခဲ့ ပါတယ်။

လီယွန်နယ် မက်ဆီ ဟာ အနီးကပ် ပြိုင်ဘက် လီဝန်ဒေါ့စကီး ကို ကျော်ဖြတ်ကာ သူ့ရဲ့ ကစားသမားဘ၀ 7 ကြိမ် မြောက် ဘလွန်းဒီအော်ဆုကြီး ကို မနေ့ညက သိမ်းပိုက် သွားခဲ့ ပါတယ်။

လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ အပြင် ၊ 18 ပွဲ ကစားအပြီး 17 ဂိုး အထိ သွင်းယူထားခဲ့တဲ့ မို ဆာလာ ကတော့ အဆင့် 7 နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဘလွန်းဒီအော် ဆု ကို ပြင်သစ် ဘောလုံး Magazine ကနေ ဦးစီး ကျင်းပတာ ဖြစ်ပြီး ၊ ဆန်ကာတင် ရွေးချယ်လိုက်တဲ့ ကစားသမား 30 စာရင်းထဲကနေ ၊ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဂျာနယ်လစ်တွေက မိမိ တို့ စိတ်ကြိုက် ကစားသမား 5 ယောက်ကို ရွေးချယ် မဲပေးရတာ ဖြစ်ပါတယ်။ အဲဒီ မဲပေးမှု ကို အခြေခံကာ ဦးစားပေး သတ်မှတ်ချက် အလိုက် အမှတ်ပေးကာ ၊ စုစုပေါင်း ရလာဒ် နဲ့ တွက်ချက်တာ ဖြစ်ပါတယ်။

ဒီဆု အတွက် အဓိက အခြေခံထားတဲ့ အချက်ကြီး 3 ချက် ကတော့ ၊ ပြက္ခဒိန် နှစ် တစ်နှစ် အတွင်း တစ်ဦးချင်း စွမ်းဆောင်ရည် နဲ့ အသင်းလိုက် စွမ်းဆောင် ၊ ကစားသမား ရဲ့ စည်းကမ်းပိုင်း ဆိုင်ရာ ကောင်းမွန် မှု နဲ့ သူ့ရဲ့ဘောလုံးသမား ဘ၀ ဖြတ်သန်းပုံတွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ အကောင်းဆုံးလို့ ပြောနေကြတဲ့ မို ဆာလာ ကတော့ မက်ဆီ ရဲ့ ရမှတ် 613 နဲ့ လုံး၀ ကို နီးစပ်ခြင်း မရှိပဲ 121 မှတ်သာ ရယူနိုင်ခဲ့ ပါတယ်။

မာဆေးဆိုဒ် ဒါဘီ ပွဲစဉ် မကစားမီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗာပူး နည်းပြကြီး ယာဂန် ကလော့ပ် က ဘလွန်းဒီအော် နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ ပါတယ်။

“ ကျနော့် ကစားသမား မို က အဆင့် 7 ပဲ ရပ်တည်ခဲ့တာ နဲ့ ပတ်သက်လို့ တော်တော်လေးကို အံ့အားသင့်ခဲ့မိပါတယ်။ ဒါပေမယ့် ဒီကိစ္စက သူ နဲ့ မဆိုင်ဘူးလေ။

ဘလွန်းဒီအော် ဆု ကို ဂျာနယ်လစ်တွေ ရဲ့ မဲ နဲ့ ဆုံးဖြတ်ကြတာမို့လား။ အဲဒီတော့ ကျနော့်ကိုပဲ မေးခွန်းတွေ ဝိုင်း မမေးကြပါနဲ့ ၊ အားလုံး က ခင်ဗျားတို့ ရဲ့ အမှားပါ။

မို ဟာ ဒီထက်ပိုမြင့်တဲ့ ရပ်တည်မှု နဲ့ ထိုက်တန်တယ် ဆိုရင် ခင်ဗျား တို့ ဂျာနယ်လစ် အချင်းချင်း ပြန်ရှင်းပြသင့်ပါတယ်။ ကျနော် ကတော့ ဒီအကြောင်းတွေကို 100% အပြည့်လဲ သေချာ နားမလည်ပါဘူး။

ခင်ဗျား တု့ိ အနေနဲ့ မက်ဆီ ကိုပဲ ဘလွန်းဒီအော်ဆုတွေ အမြဲတမ်း ပေးနေလို့ ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှ လီဝန်ဒေါ့စကီး ကို မပေးကြဘူး ဆိုရင် ၊ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ တော်တော်ကြီးကို ပရိယာယ်တွေ များလွန်းနေပါတယ်။

မို ဆိုရင်လဲ ဒီထက် ပိုကောင်းတဲ့ အဆင့်မျိုးမှာ ရပ်တည်ခဲ့ရမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM