“ ဒါဘီပွဲ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ယူနိုက်တက် က သာတယ် ဆိုပေမယ့် ၊ ရာသီကုန်ရင်တော့ ကျနော်တို့က သူတို့ရဲ့ အထက်မှာပဲ အမြဲတမ်း ရပ်တည်ပါတယ်” ပက်

 

အင်္ဂလန် ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကို ဒီည 7.00 နာရီ အချိန်မှာ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကတော့ ဒါဘီ ပွဲထိပ်တိုက်တွေ့ဆုံနေမှုတွေ မှာ ဆိုးရှား ရဲ့ အသင်းက အသာစီး ရနေတာ နဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် မဖြစ်ဘူးလို့ ဆိုလိုက် သလို ၊ သူ အီတီဟတ် ကို ရောက်ရှိလာပြီး နောက်ပိုင်း မန်စီးတီး ရဲ့ ရာသီအကုန် ရပ်တည်မှုတိုင်းဟာ ယူနိုက်တက် ရဲ့ အထက်မှာပဲ အမြဲတမ်း ရှိတယ်လို့ ထောက်ပြသွားခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲ နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တဲ့ 4 ပွဲမှာ ယူနိုက်ဟာ 3 ပွဲ အထိ အနိုင်ရရှိထားပြီး ၊ 1 ပွဲ သရေရလာဒ် ရအောင် စွမ်းဆောင်ပြထား ပါတယ်။

“ ယူနိုက်တက် က ထိပ်တန်း အသင်းကြီး တစ်သင်းပါ။ ဒါကြောင့် ဒီလို ရလာဒ်တွေ က ဖြစ်တတ်တာပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ 5 နှစ် အတွင်း ကျနော်တို့ ရဲ့ စုစုပေါင်း ရမှတ်က ဘယ်လောက်အထိ ရယူနိုင်ခဲ့တယ် ဆိုတာတော့ မေ့မထားစေချင်ပါဘူး။

ပရီးမီးယားလိဂ် ရာသီအကုန် ရပ်တည်မှုတိုင်းကို ကြည့်လိုက်မယ် ဆိုရင် ကျနော့် အသင်းက ရာသီတိုင်း သူတို့အထက်မှာပဲ ရှိနေခဲ့ပါတယ်။

အဲဒီတော့ ယူနိုက်တက် ဟာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာစီးရထားတယ် ၊ ကျနော်တို့ ကို ခဏခဏ အနိုင်ယူပြတယ် ဆိုပြီး ပြောချင်ပြောလို့ ရပါတယ်။ သူတို့ က အသင်းကောင်း တသင်းလေ။ ဒါပေမယ့် မန်စီးတီး ကို ကျနော် ရောက်လာပြီး နောက်ပိုင်း ဘောလုံးရာသီတိုင်း ကျနော်တို့ ရယူနိုင်ခဲ့တဲ့ စုစုပေါင်း ရမှတ်က သူတို့ထက်ကို ပိုများပါတယ်။

နောက်ဆုံးမှာ အဲဒီ ပေတံ နဲ့ ပဲ တိုင်းကြတာ မဟုတ်လား” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီး ဟာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ချဲဆီး ရဲ့ နောက် 5 မှတ် အကွာ နဲ့ အမှတ်ပေးဇယား ရဲ့ တတိယ နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင် အိမ်ကွင်းမှာ ပဲလေ့ အသင်းကို လက်ခံကစားခဲ့ရသည့်တိုင်အောင် ထင်မမှတ်ထားတဲ့ ရလာဒ် နဲ့ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။

သို့သော် ပက် ဂွာဒီယိုလာ ကတော့ သူတို့ရဲ့ ချန်ပီယံဆု ကာကွယ်မယ့် ယုံကြည်ချက်တွေဟာ လုံး၀ အားနည်းသွားခြင်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ ပါတယ်။

“ လက်ကျန်ပွဲ 28 ပွဲတောင် ကစားဖို့ ရှိနေပါသေးတယ်။ 28 ပွဲ ဆိုတာ အမှတ်တွေ အများကြီး ကျန်သေးတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။

ကျနော်တို့ ကတော့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ဒါကို ယူနိုက်တက် လဲ သဘောပေါက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီပွဲ ရလာဒ်ထွက်လာပြီးမှပဲ ဘယ်လို အခြေနေတွေ ရှိလာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။

ကျနော် ကတော့ ရှေ့လာမယ့်ပွဲစဉ်တွေ အကြောင်းကို တွေးပြီး စိတ်ပူနေတာမျိုးတွေ မရှိပါဘူး။ ဒီကလပ်နဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို 3 ကြိမ် အထိ ဆွတ်ခူးထားပြီးပါပြီ။ တချို့ ဘောလုံးရာသီတွေမှာ ဆိုရင် ရာသီအစပိုင်း ကတည်းက ဦးဆောင်ခွင့်ရခဲ့သလို ၊ ရာသီ အကုန်မှာလဲ အဲဒီအတိုင်း ပန်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် တချို့နှစ်တွေမှာတော့ နောက်ကနေ လိုက်ကစားရင်းနဲ့မှ ကျော်ဖြတ်ခဲ့ရတာပါ။

ဒါကြောင့် ပြိုင်ဘက်တွေ ရဲ့ အရည်အသွေးက ဘယ်လောက်အထိ မြင့်မားတယ် ဆိုတာ ကျနော်တို့ နားလည်ထားပြီးသားပါ။ အဲဒီတော့ လက်ရှိ အခိုက်အတန့်တွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင်းနဲ့ပဲ ဖြတ်သန်းသွားပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီပွဲကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

SM