ဒါဘီပွဲမတိုင်မီ ရော်နယ်ဒိုအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂွာဒီယိုလာ ၊ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဝန်ခံမှုတစ်ခု ပြုလုပ််လိုက်တဲ့ ပေါလ် မာဆင်

 

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ် 4 အဖြစ် အီတီဟတ် ကွင်းထဲမှာ ဘယ်လ်ဂျီယံ အခြေစိုက် ကလပ် ဘရုဂ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်စီးတီး အသင်းအတွက် ဖိုဒန် ၊ မာရက်ဇ် ၊ စတာလင်း ၊ ဂျီးဆပ် တို့က ဂိုးတွေ သွင်းယူခဲ့ကြပြီး ကန်ဆယ်လို က သုံးဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ ပါတယ် ။ အခုတော့ မန်စီးတီး တို့လည်း PSG အသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေး ဇယားကို ဦးဆောင်လိုက်ပါပြီ ။

နောက်တစ်ပွဲမှာတော့ မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဥ် 11 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ မန်ချက်စတာ ဒါဘီ ဖြစ်တာကြောင့် ပွဲစဥ်ကောင်း တစ်ခု ဖြစ်သွားဖို့ ရှိနေပါတယ် ။

အခုတော့ ကလပ် ဘရုဂ် အသင်းနဲ့ ပွဲစဥ် အပြီးမှာ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ယူနိုက်တက် vs အတ္တလန္တာပွဲကို မကြည့်ဖြစ်ခဲ့တဲ့ အတွက် ပြန်လည် ကြည့်ရှု လေ့လာဖို့ လိုအပ်ကြောင်း ၊ ရော်နယ်ဒိုဟာ ဘောလုံး သမိုင်းကြောင််းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ၊ ဂိုးသွင်းစက် ဖြစ်ကြောင်း ချီးကျူးသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် (အတ္တလန္တာ နဲ့ ကစားခဲ့တဲ့) ယူနိုက်တက် ပွဲစဥ်ကို မကြည့်ခဲ့လိုက်ရပါဘူး ။ ကျွန်တော် အဲ့တာကို ကြည့်ပြီး ပွဲစဥ်ကို ခွဲခြမ်းစိတ်ဖြာသွားဖို့ လိုအပ်ပါတယ်။ အဲ့တာမှ သူတို့ ဘာလဲ ၊ ဘယ်လောက်အထိ ကောင်းကြသလဲဆိုတာကို ကျွန်တော် မြင်နိုင်မှာပါ ”

” သူတို့ ဘယ်လောက် ကောင်းကြလဲဆိုတာ ကျွန်တော် ပြီးခဲ့တဲ့ ရာသီက မြင်ခဲ့ပြီးပါပြီ ။ အခုတော့ သူတို့ အသင််းမှာ သမိုင်းကြောင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ၊ ဂိုးသွင်းစက် ဖြစ်နိုင်သူ တစ်ဦးပေါ့ဗျာ ” လို့ ပက် ဂွာဒီယိုလာ က ချီးကျူး ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် ပေါလ်မာဆင်ဟာ ယခင်တုန်းက စီ ရော်နယ်ဒို နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ဖူးပါတယ် ။ အခုတော့ Sky Sports ရဲ့ သတင််း သုံးသပ်သူ မာဆင်က ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူဟာ မှားယွင်းခဲ့ကြောင်း ဝန်ခံသွားလိုက်ပါတယ် ။

” ရော်နယ်ဒိုရဲ့ အဆုံးသတ် စွမ်းရည်က ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုပါပဲ ။ အတ္တလန္တာ နဲ့ ပွဲစဥ်ရဲ့ ဒုတိယပိုင်းတုန်းက သူ ဘောလုံးတောင် ထိတွေ့ခွင့် မရသလောက်် ဖြစ်ခဲ့ရပါသေးတယ် ။ ဒါက သူ့ရဲ့ အမှားကြောင့် မဟုတ််ပါဘူး ။ အသင်းဖော်တွေဆီက ဘောလုံး ရောက်မလာခဲ့လို့ပါ ”

” ဒါပေမဲ့ ဘောလုံးက သူ့ဆီ ရောက်လာခဲ့တဲ့ အချိန်မှာတော့ သူဟာ လုံးဝ အမှားအယွင်းမခံ ၊ အချိန်မဆိုင်းခဲ့ပဲ အကောင်းဆုံး ကန်သွင်းပြသွားနိုင်ခဲ့ပါတယ် ။ ဒါက တကယ့်ကို ထူးကဲလွန်းခဲ့ပါတယ် ။ သူ့ရဲ့ ပထမဂိုးကလည်း အရမ်းကို ကောင်းမွန်ခဲ့တယ်လေ ”

” သူ့ကို အထူး ဝေဖန်ခဲ့သူတွေထဲ ကျွန်တော် ပါဝင်ခဲ့ပါတယ် ။ သူပြန်လာပြီး လုပ်မှလုပ်ပြနိုင်မလား ကျွန်တော် မသေချာခဲ့ပါဘူး ။ ဒါပေမဲ့ ခင်ဗျားသာ သူ့ကို အခွင့်ရေး ပေးလိုက်မယ်ဆိုရင် အသက် 36 နှစ်ပဲ ဖြစ်ဖြစ် ၊ 46 နှစ်ပဲ ဖြစ်ပါစေဦး ၊ သူဟာ ဂိုးတွေ သွင်းယူပြပါလိမ့်မယ် ”

” ဘယ်လို ခြားနားချက်မှ ရှိနေမှာ မဟုတ်ပါဘူး ။ သူက ဂိုးတွေ သွင်းပြနေဦးမှာပါပဲ ။ အကယ်လို့ သွင်းဂိုး 2 ဂိုးကို နှုတ်လိုက်မယ်ဆိုရင် သူဟာ 10 မှတ်ထဲက 2 မှတ်ပဲ ရမှာပါ ။ ဒါပေမဲ့ သူ့ရဲ့ သွင်းဂိုး နှစ်ဂိုးလုံးက ထူးကဲခဲ့ပါတယ် ။ ကျွန်တော့်မှာ ချီးကျူးစရာ စကားလုံးတောင် မရှိတော့ပါဘူး ” လို့ မာဆင် က အမွှမ်းတင် သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar