ဒဏ်ရာရ ကစားသမား စာရင်းမှာ စီနီယာ ကစားသမား 9 ဦး အထိ ပါဝင်နေတဲ့ ကလော့ပ်

မနှစ် က ဘောလုံးရာသီ က ယာဂန် ကလော့ပ် ရဲ့ လီဗာပူးဟာ ရာသီဝက် အထိ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ထိန်းထားနိုင်ခဲ့သည့်တိုင်အောင် နောက်ပိုင်းမှာ ဒဏ်ရာပြသနာတွေ ဆက်တိုက် နှိပ်စက်ရင်း ချန်ပီယံ ဆုတွေ စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်ကနေ လွင့်ထွက်သွားခဲ့ကာ ၊ အဆင့် 4 အတွင်း ဝင်ရောက်နိုင်ဖို့ အတွက်တောင် မနည်း ကြိုးစားခဲ့ရပါတယ်။

 

ဒီနှစ်မှာလဲ အလားတူ ပုံစံမျိုး ထပ်ပြီး ကြုံနေရပြီလား ဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းလွန်းနေပါပြီ။

လက်ရှိ လီဗာပူး ရဲ့ ဒဏ်ရာကစားသမား စာရင်းကို ကြည့်လိုက်မယ် ဆိုရင် စုစုပေါင်း 9 ယောက် အထိ ရှိနေပြီး ၊ အားလုံးဟာ စီနီယာ အသင်းမှာ အဓိက နေရာကနေ ပါဝင် ကစားပေးနေကြတဲ့ သူတွေချည်းပဲ ဖြစ်နေပါတယ်။

ဒီဇင်ဘာ ပွဲကျပ် ကာလ မရောက်ခင် အချိန်မှာပဲ အခုလောက်ထိ ဒဏ်ရာရ ကစားသမား စာရင်း ဆက်တိုက် မြင့်တက်လာတာ လီဗာပူး အတွက် တော်တော်လေး စိုးရိမ်စရာပါ။ ဥရောပ ထိပ်သီး လိဂ် 5 ခုမှာ နောက်ဆုံးမှာ ရှုံးပွဲ ကြုံထားခဲ့တဲ့ အသင်းဆိုပေမယ့် ၊ သူတို့ရဲ့ ခြေချော်မှုတွေဟာ ဆက်တိုက် မြင်နေရပါတယ်။

အိမ်ကွင်းမှာ ဘရိုတ်တန်ကို အနိုင် မကစားပြနိုင်ခဲ့သလိုပဲ ၊ အဝေးကွင်းမှာ ဝက်စ်ဟမ်း အသင်းကိုပါ ထပ်မံ ရှုံးနိမ့်ထားပါတယ်။

လီဗာပူး ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းကို ကြည့်လိုက်မယ် ဆိုရင် တံကောက်ကြော ဒဏ်ရာ အမျိုးအစား တခုတည်းတင် 4 ယောက် အထိ ရှိနေတာ တွေ့ရပါတယ်။ မေလ်နာ ၊ ကီတာ ၊ ဖာမီနို နဲ့ မနေညကမှ စကော့တလန် အတွက် ကစားပေးရင်း ဒဏ်ရာသွားတဲ့ ရော်ဘတ်ဆန် တို့ဟာ တံကောက်ကြော ဒဏ်ရာပြသနာတွေ နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ၊ ဖာမီနို ဆိုရင် ဒီရာသီ တစ်ခုထဲမှာပဲ တံကောက်ကြော ဒဏ်ရာ နှစ်ကြိမ်တိတိ ရရှိထားပြီးပြီ ဖြစ်ပါတယ်။

ဒီလို ဒဏ်ရာအမျိုးအစားဟာ အခန့်မသင့်ပဲ ဖြစ်တတ်တယ် ဆိုသော်လဲ ၊ ကစားသမားတွေ ရဲ့ ပင်ပန်း နွမ်းနယ်မှုကနေ အခြေတည်လာတာက များပါတယ်။

ကလော့ပ်ဟာ မနှစ်က ဒဏ်ရာပြသနာတွေ ဆိုးဝါးခဲ့ပြီး နောက်ပိုင်း DR ANDREAS SCHLUMBERGER ကို Head of Recovery and Performance အဖြစ် ထပ်မံ ခန့်အပ်ခဲ့သလို ၊ ကုထုံးပညာရှင် Motonori Watanabe နဲ့ Lena Aschenbrenner ကို Prevention and performance physiotherapist ရာထူးတွေ နဲ့ အသီးသီး ခန့်အပ်ခဲ့ ပါတယ်။

သို့သော် အဲဒီလို ဝန်ထမ်းသစ်တွေ ထပ်မံ ခန့်အပ်ထားတဲ့ အကြားက ဒဏ်ရာပြသနာတွေ လျှော့ကျသွားခြင်း မရှိတဲ့ အချက်ဟာ အသင်းက အသုံးပြုနေတဲ့ နည်းဗျူတွေကြောင့်လား ၊ လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်နေတဲ့ နည်းစနစ်တွေကြောင့်လား ၊ သက်ဆိုင်ရာ Medical နဲ့ Performance ဌာန က ဝန်ထမ်းတွေ ရဲ့ အားနည်းချက်ကြောင့်လား ဆိုတာ ရှင်းရှင်းတိကျတဲ့ အဖြေမျိုးတွေ ဆွဲထုတ်ကြည့်ရတော့မှာပါ။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလတုန်း က ဆိုရင် ဒီယိုဂို ဂျော်တာ ဟာ ပေါ်တူဂီ အတွက် တစ်ပွဲမှ ပါဝင် ကစားပေးနိုင်ခြင်း မရှိပဲ အိမ်ပြန်လာခဲ့ရသလို ၊ ကာတစ် ဂျုံး ကလဲ ဒဏ်ရာပြသနာကြီး နဲ့ ဝင်ရောက် ကစားပေးခဲ့လို့ ကလော့ပ် ကိုယ်တိုင် ဒေါသ ထွက်ခဲ့ဖူးပါတယ်။

လက်ရှိ နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ မာနေး က ပြိုင်ဘက် နောက်တန်း ကစားသမားတွေ နဲ့ ဘောလုံး ယှဉ်လုရင်း နံရိုး ထိသွားတာ ဖြစ်ပြီး ၊ ရော်ဘတ်ဆန် က တံကောက်ကြော ဒဏ်ရာ ၊ ဟန်ဒါဆင် ကတော့ ဖော်ပြမထားတဲ့ ဒဏ်ရာ အသေးစား တခု ရရှိခဲ့ပါတယ်။

နည်းပြ ကလော့ပ် အတွက်တော့ ပွဲကျပ်တွေ ဆက်တိုက် နွှဲခါနီး အချိန်မျိုးရောက်မှ ဒဏ်ရာရ ကစားသမားတွေ ဆက်တိုက် များပြားနေတာ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းမှာပါ။

အထူးသဖြင့် ချန်ပီယံ လမ်းကြောင်းပေါ်က လွင့်ထက်မသွားဖို့ ပြန်လည်တည့်မတ်အောင် ကြိုးစားရမယ့် အချိန်မှာ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ကိုယ်စီနဲ့ ရုန်းကန်နေကြရတာမို့ ပိုပြီးတော့ ခေါင်းခဲချင်စရာ ကောင်းလွန်းနေပါတယ်။ ဒါအပြင် ဒီဇင်ဘာ ပွဲကျပ် ကာလ ကျော်လွန်တာ နဲ့ အသင်းမှာ အားကိုးရတဲ့ ကစားသမားတွေ ဖြစ်တဲ့ မို ဆာလာ ၊ မာနေး ၊ ကီတာ တို့ကို အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ စေလွှတ်ရဦးမှာ ဖြစ်လို့ ဖြေရှင်းရမယ့် ပြသနာတွေ က တန်းစီလျှက် ရှိနေပါတယ်။

လက်ရှိ အချိန်ထိတော့ လီဗာပူး ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ –

ဂိုးမက်
အယ်လီယော့
ကာတစ် ဂျုံး
မေလ်နာ
ကီတာ
ဖာမီနို
မာနေး
ရော်ဘတ်ဆန်
ဟန်ဒါဆင် တို့ ပါဝင်နေဆဲ ဖြစ်ပြီး အာဆင်နယ် နဲ့ ပွဲမတိုင်မီ ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့ အချိန်မှာ ဘယ်ကစားသမားတွေ ပြန်လည် ကောင်းမွန်လာမလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန် ဒဏ်ရာရသွားတဲ့ သတင်းကြောင့် စီမီကတ် ကို အသုံးပြုချင်နေတဲ့ လီဗာပူး ပရိသတ် တချို့ အတွက် ကံကြမ္မာက ကြံကြံဖန်ဖန် ဖန်တီးပေးသွားခဲ့တယ်လို့ ဆိုရမှာပါ။

SM