ဒဏ်ရာရ ကစားသမားနှစ်ဦးရဲ့ အနေအထား ၊ လီဗာပူး နဲ့ ရှုံးပွဲ ၊ မန်ချက်စတာ ဒါဘီပွဲအကြောင်း ပြောသွားလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 11အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ဖိအားတွေ ဝင််နေတဲ့ ဆိုးလ်ရှားအတွက် အရေးပါတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား အချို့ ပါဝင်နိုင်ဖွယ် ရှိမနေဘူးလို့ သတင်းထွက််နေခဲ့ ပါတယ် ။ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ တိုက်ရိုက် အနီကဒ် ထိခဲ့တဲ့အတွက် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး ။

အခြားတဖက်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီ နဲ့ ကွင်းလယ်လူ တော်မီနေး တို့ဟာ ဒဏ်ရာ ရရှိနေကြတယ်လို့ပါ သတင်းတွေ ထွက်နေခဲ့ကြပါတယ် ။ ဒါပေမဲ့ တော်မီနေး ကတော့ ဒါဘီပွဲ ကစားဖို့ လော်ရီ ဟော်တယ်ဆီ ထွက်ခွာလာခဲ့တဲ့ ကစားသမား စာရင်းထဲ ပါဝင်ခဲ့တယ််လို့ သိခဲ့ရ ပါတယ် ။

အခြားတဖက်မှာတော့ ဗာရန်းဟာ ဒဏ်ရာကြောင့် ရေရှည်် အနားယူရဖို့ ရှိနေပြီး လင်ဒီလော့ဖ် ရဲ့ ဒဏ်ရာ အနေ အထား ကလည်း တိုးတက်ပြီလားဆိုတာ သိပ်မသေချာသေးပါဘူး ။ အခုတော့ ဆိုးလ်ရှားက ခံစစ်မှူးနှစ်ယောက်တဲ့ အနေအထားကို ထုတ်ဖော်ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူ (လင်ဒီလော့ဖ်) ရဲ့ အနေအထား က သိပ်မသေချာသေးပါဘူး ။ သူ အသင့်ရှိနေဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ ပါ ၊ မပါ ကိုတော့ အခုထဲက အတိအကျ ကတိမပေးနိုင်သေးပါဘူး ။ သူ (ဗာရန်း) ကတော့ 4 ၊ 5 ပါတ်ထိ အနားယူရပါလိမ့်မယ် ။ ဒါက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပါ ။ သူဟာ အသင်းဆီကို ရောက်လာကတည်းက လွှမ်းမိုးမှု ကြီးမားခဲ့တယ်လေ ” လို့ ဆိုးလ်ရှား က ပြောလိုက်ပြီး လီဗာပူး နဲ့ ရှုံးပွဲ အပေါ် …

” အဲ့ဒီ ရလဒ်ဆိုးကနေ ကျွန်တော်တို့ ရုန်းထွက် နိုင်ခဲ့ပါပြီ ။ သေချာတာပေါ့ ၊ ဒီပွဲက သမိုင်းစာအုပ်ထဲ မှတ်တမ်းဝင်သွားမယ့် ရှုံးပွဲမျိုးပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ရက်သတ္တပါတ် ပိုင်ဆိုင်ခဲ့ကြပြီး အဝေးကွင်းမှာ ရလဒ်တွေ ကောင်းခဲ့ကြပါတယ် ။ ဒီပွဲမှာလည်း ကောင်းမွန်တဲ့ အရာတွေကို လုပ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော််တို့ ရှေ့ဆက်ရမှာပါ ”

” ဒါက စပါယ်ရှယ် ပွဲစဥ် တစ်ပွဲပါ ။ ပြီးခဲ့တဲ့ အချိန်တုန်းက ကျွန်တော်တို့ဟာ ကွင်းလုံးပြည့် ပရိသတ်တွေ ရှေ့မှာ ဒါဘီပွဲ ကစားခဲ့ရပါတယ် ။ ဒီပွဲမှာ ကွင်းထဲ အငွေ့အသက်တွေက အရမ်းကို ကောင်းလွန်းခဲ့ပါတယ် ။ ကျွန်တော်တို့ဆီမှာ မှောင်မိုက်တဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့တယ််ဆိုတာကို လူတိုင်းသိပြီးသားပါ ”

” အဲ့ဒီပွဲမှာ ပရိသတ်တွေ ရှေ့မှောက် စကော့ (မက် တော်မီနေး) နောက်ဆုံး မိနစ် ဂိုးသွင်းယူနိုင်ခဲ့တာက အရမ်းကို စပါယ်ရှယ် ဖြစ်သွားခဲ့ရပါတယ် (2019 – 20 ရာသီ ၊ ပွဲစဥ် 29) ။ ဒါဟာ တိုက်စစ်ဆင် ကစားရမဲ့ ပွဲစဥ်တွေထဲက တစ်ခုပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပွဲမျိုးမှာ ဘယ်သူ ပိုပြီး တိုက်စစ်ဆင်နိုင်လဲဆိုတာက အရေးပါလှတယ်လေ ” လို့ ဆိုးလ်ရှားက ပြောခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် ကြားရက်နဲ့ ပတ်သက်လို့…

” အခုတော့ အသင်းသားတွေ အတော်လေး အတူတကွ ရှိနေကြပါပြီ ။ သူတို့တွေက တစ်ဦးကိုတစ်ဦး လိုအပ်ကြတယ်ဆိုတာ ကောင်းကောင်း သိနေကြပါပြီ ။ အသင်းအဖွဲဲ့ စိတ်ဓါတ်ဆိုတာက အရမ်းကို အရေးကြီးတယ်လေ ။ အဲရစ် ဘိုင်လီဟာ ပြီးခဲ့တဲ့ တစ်ပွဲက ပြန်ပါခဲ့ပြီး အရမ်းကောင်းခဲ့ပါတယ် ”

” ဒါ့ကြောင့် ဒဏ်ရာရနေတဲ့သူ ရှိရင်တောင် ပြန်လည် ဖာထေးနိုင်တဲ့ ကစားသမား စာရင်းကြီးကို ကျွန်တော််တို့ ပိုင်ဆိုင်နေကြပါပြီ ။ ကျွန်တော် အသင်းကို စရောက်ထဲက ခက်ခဲတဲ့ ရက်စွဲတွေ အများကြီး ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ လီဗာပူး နဲ့ ရှုံးပွဲက ကျွန်တော်တို့ အတွက် အမှောင်ကျခဲ့တဲ့ ရက်စွဲ တစ်ခုပါ ။ အခုတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ ”

 

” အခုတော့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ရက်သတ္တပါတ်တွေကို ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ကြပါပြီ ။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးရဲ့ နည်းပြ ဖြစ်လာရင် လွယ်ကူတဲ့ ရက်စွဲတွေချည်း မျှော်လင့်လို့ မရနိုင်တာကို ကျွန်တော် ကောင်းကောင်းသိပြီးသားပါ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar