ဒဏ်ရာရစာရင်းတွေ ဆက်တိုက် တိုးပွားလာနေတဲ့ လီဗာပူး

မနှစ်က ဘောလုံးရာသီမှာ ဒဏ်ရာပြသနာတွေ ဆက်တိုက် နှိပ်စက်လို့ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့ရတဲ့ လီဗာပူးဟာ ဒီနှစ်မှာရော အလားတူ ပုံစံမျိုးနဲ့ နောက်တကြိမ် ရင်ဆိုင်ရတော့မှာလား ဆိုတာ စိုးရိမ်ဖို့ ကောင်းလာနေပါတယ်။

အဓိက ကွင်းလယ် ကစားသမားအများစု ဒဏ်ရာပြသနာတွေ နဲ့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်း ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်လာရသလို ၊ အသင်းရဲ့ ရလာဒ်တွေလဲ ဆက်တိုက် ယိုင်နဲ့ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 2 ပွဲ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး ၊ ပေးဂိုး ကလဲ 5 ဂိုး အထိတောင် ရှိသွားခဲ့ပါတယ်။

ဒါဟာ တစ်ပွဲပျမ်းမျှသွင်းဂိုး 3 ဂိုး နဲ့ အထက် ဆက်တိုက်သွင်းပြရာကနေ ရုတ်တရက် ချက်ခြင်း ခြေစွမ်းကျသွားတာ ဖြစ်လို့ လီဗာပူး ပရိသတ်အများစုက စိုးရိမ်လာနေကြပါတယ်။

အထူးသဖြင့် ကွင်းလယ်မှာ မေလ်နာ ၊ ကာတစ်ဂျုံး ၊ အယ်လီယော့ ၊ တီယာဂို ၊ ကီတာ တို့ ကစားပေးနိုင်ခြင်း မရှိချိန်မှာ ချန်ဘာလိန် ကလဲ အကောင်းဆုံး ဖြည့်တင်းမှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သလို ၊ ဖာဘင်ဟို ကလဲ ပုံစံကောင်းတွေ ပျောက်ဆုံးလျှက် ရှိနေပါတယ်။

ကလော့ပ် အတွက် ကွင်းမှာ အဓိက အားကိုးစရာဆိုလို့ ဟန်ဒါဆင် တစ်ဦးတည်းပဲ ကျန်နေသည့်တိုင်အောင် ၊ အသင်းခေါင်းဆောင်ကြီးကလဲ အင်္ဂလန် အတွက် ကစားပေးရင်း ဒဏ်ရာပြသနာ ရရှိသွားတယ်လို့ သိရပါတယ်။ ဒါဟာ ကွင်းလယ် စွမ်းဆောင်ရည်တွေ ဆက်တိုက် ကျဆင်းနေတဲ့ လီဗာပူး အတွက် စိုးရိမ်စရာ သတင်းဖြစ်ပြီး ၊ အာဆင်နယ် နဲ့ ပွဲမှာ ဘယ်သူတွေကို ထုတ်သုံးလာနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ရဲ့ ဖော်ပြချက်မှာတော့ ဟန်ဒါဆင်ဟာ ဒဏ်ရာပြသနာကြောင့် လက်ရွေးစင် ကစားသမား စာရင်းကနေ နှုတ်ထွက်ကာ လီဗာပူး ကို ပြန်သွားပြီ ဖြစ်ပြီး ၊ နောက်ထပ် ဆေးစစ်ချက်တွေ ဆက်လက် ခံယူဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့ရဲ့ ဒဏ်ရာ အနေအထားက ဘယ်အခြေအနေမျိုးမှာ ရှိနေတယ် ဆိုတာ သေချာ မသိကြရသေးပါဘူး။

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဖရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဆီနီဂေါ အသင်းရဲ့ ပွဲစဉ်မှာလဲ တိုက်စစ်မှုး ဆာဒီယို မာနေး ဟာ ပြိုင်ဘက် ခံစစ်မှုးတွေ နဲ့ ထိခိုက်မိပြီး ၊ နံရိုး နာသွားလို့ 28 မီးနစ် နဲ့ လူစား လဲလိုက်ရပါတယ်။ နည်းပြ ဆစ်ဆေး ကတော့ မာနေး ရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာ မရှိဘူးလိုး ပွဲအပြီးမှာ မှတ်ချက် ပေးသွားခဲ့ပြီး ၊ ကြိုတင် ကာကွယ်မှု အတွက် လူစားလဲ လိုက်ရတာ ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

သို့သော် သူကလဲ အာဆင်နယ် နဲ့ ပွဲမှာ ပါဝင် ကစားပေးနိုင်ဖို့ 100% မသေချာ သေးပါဘူး။

ဒီရာသီမှာ ခြေစွမ်း ကစားပေးနေတဲ့ ဖာမီနို ကလဲ ဒုတိယမြောက် တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် 6 ပတ် နဲ့ အထိ အနားယူနေရပါတယ်။ ဒါကြောင့် မာနေးသာ ထပ်ပြီး အနားယူရမယ် ဆိုရင် ကလော့ပ်အတွက် တိုက်စစ် ကစားသမား နေရာမှာ ဘယ်သူတွေကို အစားထိုးပြီး ပွဲထုတ်လာမလဲ စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပါတယ်။

လက်ရှိမှာ လူငယ် ခံစစ်မှုး ဂျိုး ဂိုးမက်ဇ် က ခြေသလုံး ဒဏ်ရာကြောင့် အနားယူနေရသလို ၊ ဘယ်နောက်ခံလူ ရော်ဘတ်ဆန် ကလဲ ပုံစံကောင်းတွေ ပျောက်ဆုံးလျှက် ရှိနေပါတယ်။

သတင်းထောက် အများစုကတော့ လီဗာပူးဟာ ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ပြီးနောက် ပထမဆုံး ပြန်ကစားမယ့် အာဆင်နယ် နဲ့ ပွဲစဉ်မှာ အပြောင်းအလဲတွေ အများကြီး လုပ်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

SM