ဒဏ်ရာပြသနာတွေ နဲ့ ထပ်မံ ရင်ဆိုင်လိုက်ရပြန်တဲ့ လီဗာပူး

မနေ့ညက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ မာနေး ၊ မေလ်နာ ၊ ဟန်ဒါဆင် တို့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တာကြောင့် လီဗာပူး ပရိသတ် တချို့ ကျေနပ်နေချိန်မှာပဲ နောက်ထပ် သတင်းဆိုး တစ်ခု ထွက်ပေါ်လာခဲ့ ပါတယ်။

အဲဒါကတော့ ဝေးလ် နဲ့ ဘယ်လ်ဂျီယံ တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အိုရီဂီ ကလဲ ဒဏ်ရာ ရရှိသွားတာကြောင့် ဒုတိယပိုင်း ကစားလို့ 15 မီးနစ် အကြာမှာပဲ လူစားလဲလိုက် ရပါတယ်။ သူဟာ လက်ရှိ နိုင်ငံတကာ ပွဲစဉ်တွေ အတွင်း ဒဏ်ရာပြသနာ နဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူး ဘောလုံးသမားတွေ ထဲမှာ 10 ယောက် မြောက် ကစားသမားလဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင် မာနေး ရဲ့ ကြံ့ခိုင်မှု အနေအထားက အတိအကျ မသိရသေးသလို ၊ ဖာမီနို ကလဲ တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် ဒီနှစ်ကုန်ပိုင်းမှ ပြန်လည် ကစားပေးနိုင်မှာပါ။ ဒါကြောင့် ကလော့ပ် အနေနဲ့ တိုက်စစ်မှာ အားကိုးဖို့ အတွက် ဆိုရင် အိုရီဂီ နဲ့ မီနာမီနို တို့ နှစ်ဦးသာ ရွေးချယ်ခွင့် ရှိနေတာ ဖြစ်ပါတယ်။

Sky Sports သတင်း ထောက်ကတော့ အိုရီဂီ ရဲ့ ဒဏ်ရာက စိုးရိမ်စရာ အနေအထား မရှိဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပြီး ၊ အာဆင်နယ် နဲ့ ပွဲမှာ ပြန်လည် ကစားပေးနိုင်လိမ့်မယ်လို့ ကြေငြာသွားခဲ့ ပါတယ်။ သို့သော် အခုချိန်ထိ ဒဏ်ရာ နဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံ နည်းပြ ဘက်ကရော လီဗာပူး ဘက်ကပါ တစုံတစ်ရာ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

တဆက်တည်းမှာ မျက်လုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ ကွင်းလယ် လူငယ် ကစားသမားလေး ကာတစ် ဂျုံးဟာ နောက်ထပ် ရက်သတ္တပတ် အနည်းငယ် ထပ်မံ အနားယူရဦးမယ်လို့ ကလပ် အသင်းဘက်က တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ ပါတယ်။

ဂျုံးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ ကတည်းက ဒဏ်ရာပြသနာ နဲ့ အသင်းကို ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ကာ ၊ အဲဒီ အခြေအနေကနေ ပြန်လည် ကောင်းမွန်လာစဉ် လေ့ကျင့်ရေးကွင်းမှာ ထိခိုက်မိရင်း မျက်လုံး ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာကြောင့်ပဲ ဝက်စ်ဟမ်း ၊ အေတီကို တို့ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ်။

ဒေါက်တာ Jim Moxon ကတော့ ” ဂျုံး ရဲ့ ဒဏ်ရာက မတော်တဆ ဖြစ်သွားတာပါ ။ တော်တော် ကံမကောင်းလို့ ဖြစ်သွားတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး ဘာထိခိုက်မှု ကြီးကြီးမားမား မှ မရှိခဲ့ဘူးလေ။ ပြန်ကောင်းလာတာနဲ့ မျက်လုံးကြည့်ရတာတွေလဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

သို့သော်လဲ ဒီလို ကိစ္စမျိုးတွေ ဖြစ်လာပြီ ဆိုရင် တော်တော်လေး ဂရုတစိုက် နဲ့ အချိန်ယူ ကုသရပါတယ်။ ဒါကြောင့် အချိန်ယူပြီး နားခိုင်းတာဖြစ်ပါတယ်။ သူ့ကို အလျှင်စလို ပြန်ပြီး ကစားခိုင်းလို့ မဖြစ်ပါဘူး” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီတစ်ကြိမ် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးတာ နဲ့ ရက်ပေါင်း 43 ရက် အတွင်း 13 ပွဲ ဆက်တိုက် ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါဟာ 3 ရက် တစ်ပွဲနှုန်း ဖြစ်ပြီး ၊ အသင်း ရဲ့ ဒဏ်ရာရ ကစားသမား စာရင်း ကြီးထွားနေချိန် ဖြတ်သန်းရမှာ ဖြစ်လို့ နည်းပြ ကလော့ပ် အတွက် စိန်ခေါ်မှု ကြီးမားလျှက် ရှိနေပါတယ်။

ဒီကာလမျိုးကို ဒီဇင်ဘာ ပွဲကျပ်ကာလ လို့ သုံးနှုန်း ကြသလို ၊ ချန်ပီယံဆု အတွက် အလှည့်အပြောင်းတွေ အများကြီး ဖြစ်သွားနိုင်တာလဲ သတိထားရမှာပါ။

ဒါ့အပြင် ဒီကာလ ကျော်လွန်သွားတာ နဲ့ အာဖရိက နိုင်ငံများဖလားပွဲ ဆင်နွဲတော့မှာ ဖြစ်လို့ အသင်းက အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလာ ၊ မာနေး ၊ ကီတာ တို့ကို လက်လွှတ် ဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။

SM