တော့တင်ဟမ် နည်းပြ ဘဝ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရရှိခဲ့ပြီးနောက် သူ့ရဲ့ ဒီရာသီ ပစ်မှတ်ကို ပြောပြလာတဲ့ ကွန်တီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ရဲ့ နောက်ဆုံးပွဲမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း နည်းပြ အပြောင်းအလဲ လုပ်ခဲ့တဲ့ တော့တင်ဟမ် အသင်း ဟာ ဒီရာသီ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့ ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက် အသင်း ကို အိမ်ကွင်းမှာ ၂ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒါဟာ အန်တိုနီယို ကွန်တီ အတွက် တော့တင်ဟမ် နည်းပြ ဘဝ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲလည်း ဖြစ်ပါတယ် ။ ထိုပွဲမှာ အိမ်ရှင် တော့တင်ဟမ်တို့ ပထမပိုင်း ပြီးခါနီး က ဧည့်သည်ဖက်က ဒန်နီရယ် ဂျိမ်းစ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ၊ ဒုတိယပိုင်းမှာ ဟွိုင်းဘာ့ဂ် ၊ ရက်ဂီလွန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ပြန်လာနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ၊ အဲဗာတန်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့လို့ ၊ ကွန်တီနဲ့ တော့တင်ဟမ်တို့ အတွက် မနေ့ည က နိုင်ပွဲ ဟာ လိုအပ်တာထက် ပိုပြီး အရေးပါတဲ့ပုံ ပေါ်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ယင်း အနောက် လန်ဒန် ကလပ် ဟာ အဆင့် ၇ သို့ တက်လှမ်းလာနိုင်ခဲ့ပြီး ၊ ဝက်စ်ဟမ်းနဲ့ ၄မှတ် အကွာကို ပြန်ရောက်လာပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ အန်တိုနီယို ကွန်တီ က မနေ့ည က ပွဲအကြောင်း အကျဉ်းချုံး သုံးသပ်မှုတွေ လုပ်သွားခဲ့သလို ၊ ဒီနှစ် ရာသီ ပစ်မှတ် အနေနဲ့ ၄င်းတို့ဟာ ထိပ်ဆုံး ၄သင်းနဲ့ ရမှတ် ကွာဟမှု လျှော့ချဖို့ ကြိုးစားရမှာ ဖြစ်ကြောင်းနဲ့ ဒီအတွက် ၄င်းတို့ဟာ ဘာကိုမှ စိုးရွံ့နေကြမှာ မဟုတ်ကြောင်း အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ် ။

ကွန်တီ က ” ဒါဟာ နိုင်ပွဲကောင်း တပွဲ ဖြစ်ပြီး ၊ အားမာန် အပြည့်နဲ့ အောင်ပွဲခံဖို့လည်း ထိုက်တန်မှု ရှိပါတယ် ။ ကျွန်တော့မှာ ဒီလို အားမာန်မျိုး အပြည့်ရှိပြီး ၊ ဒါကို ကလပ်နဲ့ သူ့ရဲ့ ပတ်ဝန်းကျင် တဝန်းကို ပျံ့နှံ့စေဖို့ ကျွန်တော် လုပ်ဆောင်သွားချင်ပါတယ် ။ ”

” ခင်ဗျား ဟာ နည်းစနစ်ပိုင်းနဲ့ အရည်အချင်း အားဖြင့် ကျွမ်းကျင်တဲ့ ၊ တော်တဲ့ နည်းပြ တဦး ဖြစ်နိုင်သလို ၊ စုဖွဲ့မှုကောင်းတဲ့ အသင်း တသင်းကို ပိုင်ဆိုင်ထားနိုင်ပေမယ့် ၊ ဒီလို အားမာန် ပြည့်တဲ့ နှလုံးသားကိုတော့ လုပ်ယူလို့ မရနိုင်ပါဘူး ။ ပထမပိုင်း ၀ – ၁ နဲ့ အရေးနိမ့်နေတဲ့ အချိန် ၊ ကျွန်တော်နဲ့ ကစားသမားတွေဟာလည်း ပရိသတ်တွေ နည်းတူ စိတ်ပျက်ခဲ့ကြပါတယ် ။ ”

” ဒုတိယပိုင်းမှာ အခုလိုပဲ မှန်ကန်တဲ့ တုန့်ပြန်မှုတွေနဲ့ ပြန်လာနိုင်တာ ဟာ ခင်ဗျားမှာ ပေးဆပ်ချင်စိတ် ၊ အသင်းကို ချစ်တဲ့စိတ် အပြည့်ရှိတယ် ဆိုတာကို ဖော်ညွှန်းနေပါတယ် ။ ဒါမျိုးကို ကျွန်တော်တို့ အနေနဲ့ အခိုက်အတန့်တိုင်းမှာ ထည့်သွင်း ကစားနိုင်ဖို့ လိုနေပါတယ် ။ ”

” လောလောဆယ် မှာ ကျွန်တော်တို့ လိုက်မှီအောင် ကြိုးစားရမယ့် ထိပ်ဆုံး ၄သင်း ရှိနေပြီး ၊ ဒီ အသင်းတွေနဲ့ ကျွန်တော်တို့ အကြားမှာ ရမှတ် ကွာဟမှု တချို့ ရှိနေပါတယ် ။ ဒါပေမယ့် သူတို့ဟာလည်း ကလပ် တသင်းရဲ့ အမှားကို အခွင့်ကောင်း ယူဖို့ အသင့်ရှိနေကြတာပါ ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ ဒါကို စိုးရိမ်နေမှာ မဟုတ်ပါဘူး ။ ကျွန်တော့ ကစားသမားတွေ အပေါ် ကျွန်တော် ယုံကြည်မှု အပြည့် ရှိသလို ၊ ထိပ်ဆုံး ၄သင်းနဲ့ အနီးစပ်ဆုံး နေရာမှာ ရှိနေဖို့ကိုလည်း ကျွန်တော်တို့ တိုက်ပွဲဝင်သွားလိုပါတယ် ။ ဒါမှ အပေါ်က တသင်းသင်း ခြေချော်တဲ့အခါ ကျွန်တော်တို့ အခွင့်ကောင်းယူနိုင်မှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ ရှေ့ဆက် တိုးတက်ဖို့ လိုပါတယ် ။ ဒီ ကလပ် ဟာ ကျွန်တော့ကို ဒီရာထူး ပေးထားတယ် ဆိုတာဟာ ဒီကလပ်ရဲ့ လက်ရှိ အခြေအနေနဲ့ အနာဂတ် အတွက် တိုးတက်မှု ရှိတဲ့ လမ်းစဉ်တွေ ချပြပေးဖို့ ဖြစ်ပါတယ် ။ အခုတော့ ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ် ။ ”

” တော့တင်ဟမ် အသင်းနဲ့ အတူ အလုပ်လုပ်ရတာကို ကျွန်တော် သဘောကျပါတယ် ။ ဒီမှာ ကျွန်တော် ဟာ ကိုယ်ဖြစ်ချင်သလို စိတ်တိုင်းကျ အလုပ်လုပ်ခွင့် ရှိတယ် ဆိုတာကို သိထားပါတယ် ။ တော့တင်ဟမ် ဟာ ဒီရာသီ ပြိုင်ပွဲ အရပ်ရပ်မှာ တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR