တော့တင်ဟမ် နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတဲ့ ကွန်တီနဲ့ ပတ်သက်ပြီး တုန့်ပြန်လိုက်တဲ့ တူချယ်

 

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ က ပရိသတ် အများအပြား စောင့်ကြည့်ခဲ့ကြတဲ့ တော့တင်ဟမ် – မန်ချက်စတာ ယူနိုက်တက် ပွဲမှာ အိမ်ရှင် တော့တင်ဟမ်တို့ ရုပ်ပျက်ဆင်းပျက် ၀ – ၃ ရလဒ်နဲ့ ရှုံးပွဲ ထပ်တွေ့ခဲ့ပြီးနောက် ၊ ဒီနှစ် ရာသီ မစတင်ခင်ကမှ ခန့်အပ်ခဲ့တဲ့ နူနို ဆန်တိုကို နည်းပြ ရာထူးကနေ တရားဝင် ထုတ်ပယ်ခဲ့ပါတယ် ။

မနေ့ကမှ နူနို ဆန်တို ကို ရာထူးက ဖယ်ရှားပြီးပြီးချင်းမှာပဲ ၊ တော့တင်ဟမ် ဟာ လောလောလတ်လတ် အသင်း လက်မဲ့ ဖြစ်နေတဲ့ ချဲလ်ဆီး ၊ ယူဗင်တပ်နဲ့ အင်တာမီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချက်ချင်း ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ် ။

နောက်ဆုံးရ သတင်းတွေ အရ ကွန်တီ ဟာ နည်းပြသစ် ရာထူး အတွက် တော့တင်ဟမ် အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီလို့ သိထားရပါတယ် ။ ဒီတော့ ၄င်းရဲ့ ဒီတကြိမ် တကျော့ပြန် ပရီးမီးယားလိဂ် ခရီးက ဘယ်လောက်ထိ ခရီးရောက်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ကွန်တီရဲ့ အသင်းဟောင်း ချဲလ်ဆီး ကတော့ လောလောဆယ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ၊ ၄င်းသာ တော့တင်ဟမ် နည်းပြသစ် ဖြစ်လာမယ် ဆိုရင် ဒီ ၂သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုက ခါတိုင်းထက် ထူးကဲပြီး ၊ စိတ်လှုပ်ရှားစရာကောင်းမှာ သေချာနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အန်တိုနီယို ကွန်တီ အကြောင်း မှတ်ချက်ပေးဖို့ထက် ၊ နူနို ဆန်တို တော့တင်ဟမ် နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ အပေါ် စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းကိုပဲ အဓိကထား ပြောဆိုသွားခဲ့ပါတယ် ။

တူချယ် က ” ရှေးဦးအနေနဲ့ ဒီနေ့မှာ ကိုယ့်လို နည်းပြ တဦး ၊ လုပ်ဖော်ကိုင်ဖက် တဦး ဖြစ်တဲ့ ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ သတင်း က ဘယ်လိုမှ ကြားလို့ မကောင်းခဲ့ပါဘူးလို့ ပြောချင်ပါတယ် ။ တဖက်မှာ ကျွန်တော် ဟာ တခြား ကလပ် တသင်းရဲ့ နည်းပြ ရာထူး အပေါ် ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုတာကို ခင်ဗျားတို့ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ် ။ ”

” သူတို့ အသင်းရဲ့ နည်းပြသစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာကိုလည်း ကျွန်တော် ခန့်မှန်း ပြောဆိုနေမှာ မဟုတ်ပါဘူး ။ တကယ်လို့ အပြင်က ကောလဟလတွေက အမှန် ဖြစ်လာမယ် ဆိုရင် အဲဒီ အခါကျမှ ကျွန်တော့ကို လာမေးပါ ။ ကံမကောင်းစွာနဲ့ လောလောဆယ်မှာ ဒီလို ခန့်မှန်းတာမျိုး ကျွန်တော် မလုပ်ချင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဆွီဒင် အမှတ်ပေး ချန်ပီယံ မယ်လ်မို အသင်းကို ဒီ တကြိမ် အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒီ ဆွီဒင် ခရီးစဉ်ကို ချဲလ်ဆီး အသင်းသား ၅ဦး အထိ လိုက်ပါခဲ့ခြင်း မရှိပါဘူး ။

ဒီအထဲမှာ ဒဏ်ရာ ပြဿနာ အသီးသီး ရှိနေတဲ့ ရိုမီလူ လူကာကူ ၊ တီမို ဗာနာနဲ့ မတ်တီယို ကိုဗာဆစ် ၊ နယူးကာဆယ်နဲ့ ပွဲမတိုင်မီ နေမကောင်းဖြစ်ခဲ့တဲ့ မေဆင်မောင့်နဲ့ မနေ့က လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့သည့်တိုင် ၊ အနားပေးခြင်းခံခဲ့ရတဲ့ အန်ဂိုလို ကန်တေတို့ ပါဝင်နေပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” တီမို ၊ ရိုမီလူနဲ့ ကိုဗာတို့က ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာ အထူးအဆန်း မရှိပါဘူး ။ မေဆင် ကတော့ အဖျား ဝေဒနာကနေ တိုးတက်လာခြင်း မရှိသေးပါဘူး ။ အပြင်မှာ ခန့်မှန်း ပြောနေကြသလို ၊ ကိုဗစ်လည်း မဟုတ်ပါဘူး ။ သူဟာ ကိုဗစ် negative ပါ ။ ”

” ဒီအတိုင်း နေမကောင်း ဖြစ်ခဲ့ပြီး ၊ ဒီနေ့ လေ့ကျင့်ရေး အစီအစဉ်ကိုလည်း သူ မပါဝင်နိုင်ခဲ့သလို ၊ ဆွီဒင် ခရီးစဉ်လည်း သူ လိုက်ပါနိုင်ခြင်း မရှိပါဘူး ။ သတင်းကောင်း က ဒီ ခရီးစဉ်မှာ ခရစ်တီယန် ပူလီဆစ် ဟာ ကျွန်တော်တို့နဲ့ အတူ ပြန်ပြီး ပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR