ဇီဒန်းဟာ ယူနိုက်တက် နည်းပြ ရာထူးကို ဘာကြောင့် မလိုချင်တာလဲဆိုတာ ပြောပြလိုက်တဲ့ ဂျွန်ဘန်းစ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင်ကတည်းက ရီးယဲ မက်ဒရစ် အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဇနက်ဒင်းဇီဒန်းကို ခေါ်ယူဖို့ စိတ်ဝင်စား နေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲ့တာက လက်တွေ့မှာ ဖြစ်မလာနိုင်ခဲ့သေးပါဘူး ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက နည်းပြ ဆိုးလ်ရှား အထုတ်ခံရရေး ဖိအားတွေအောက် ကျရောက်ခဲ့ချိန် နာမည်ကြီး နည်းပြတွေကို ချိန်ရွယ်နေခဲ့တယ်ဆိုတဲ့ သတင်းတွေ အတော်လေး ကျယ်လောင်နေခဲ့ပါသေးတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှား အထုတ်ခံလိုက်ရတဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ နာမည်ထွက်သူတွေလည်း များပြားခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းကတော့ လက်ထောက် နည်းပြ ကာရစ်ကိုသာ ယာယီ နည်းပြ ခန့်အပ်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဂျာမန်မြေမှာ Godfather လို့ နာမည်ကြီးခဲ့ဖူးတဲ့ RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ခန့်အပ် ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ ။

အခြားတဖက်မှာတော့ ယူနိုက်တက် ပရိသတ်တွေ လိုချင်နေခဲ့ကြတဲ့ ရီးယဲမက်ဒရစ် အသင်းရဲ့ နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်း နဲ့ ယူနိုက်တက်တို့ အလှမ်းဝေး သွားခဲ့ကြပါပြီ ။ အခုတော့ ဇီဒန်းဟာ PSG အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေ ကြီးနေခဲ့ပါပြီ ။

အခုတော့ လီဗာပူး ဂန္တဝင် ဂျွန်ဘန်းစ်က ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဇနက်ဒင်း ဇီဒန်းဟာ ယူနိုက်တက် နည်းပြ ရာထူးကို ဘာလို့ စိတ်မဝင်စားခဲ့တာလဲ ဆိုတာ သူ့ရဲ့ အတွေးအမြင်တွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဇီဒန်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို မလာချင်ခဲ့ပါဘူး ။ ဇနက်ဒင်း ဇီဒန်း ဆိုတာက အကောင်းဆုံး မဟုတ်တဲ့ ၊ အင်အား အကြီးဆုံး မဟုတ်တဲ့ ၊ အချမ်းသာဆုံး မဟုတ်တဲ့ အသင်း တစ်သင်းဆီ သွားလိုသူ တစ်ဦး မဟုတ်ပါဘူး ”

” လက်ရှိ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကို တည်ဆောင်နေဆဲပါ ။ သူတို့ဟာ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေထက် ပိုညံ့နေပါသေးတယ်။ ဒါ့အပြင် သူ ကိုင်တွယ်ခဲ့တဲ့ ရီးယဲ မက်ဒရစ် ၊ PSG အသင်းတွေနဲ့ ယှဉ်လိုက်တဲ့ အခါမှာ ကစားသမား အင်အား ၊ ငွေကြေးအရ ခြားနားချက်တွေ များနေပါသေးတယ် ”

” သူဟာ အသင်းကို သွားပြီး အစကနေ တည်ဆောက်မှုတွေ လုပ်ဆောင်တတ်တဲ့ နည်းပြမျိုး မဟုတ်သေးပါဘူး ။ သူဟာ ငွေကြေးနဲ့ ကစားသမားကောင်းတွေ ပေါများတဲ့ အသင်းကို ကိုင်တွယ် နည်းပြ နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ။ ရီးယဲ မက်ဒရစ် အသင်းမှာ အဲ့တာတွေပဲ ဖြစ်ပွားခဲ့တယ်လေ ”

” ဒါ့ကြောင့် ဇီဒန်းက မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘာကြောင့် မဖြစ်ချင်ခဲ့တာလဲဆိုတာက မေးခွန်းကြီးတစ်ခုတော့ မဟုတ်ရပါဘူး ။ ပိုချက်တီနိုကတော့ အဲ့ဒီလို မဟုတ်ပါဘူး ။ သူက ကစားသမားတွေနဲ့ လက်တွဲ အလုပ်လုပ်နိုင်သလို သူတို့တွေကို ပိုကောင်းစေနိုင်တဲ့ နည်းပြ အမျိုး အစား ပါပဲ ”

” ဇီဒန်း ကတော့ အဲ့ဒီလို နည်းပြမျိုး မဟုတ်ပါဘူး ။ သူဟာ တည်ဆောက်ပြီးသား အသင်း ၊ ချမ်းသာပြီး ကစား သမားကောင်းတွေ ပေါများတဲ့ အသင်းမျိုးကို ဆုဖလား အောင်မြင်မှုတွေ ရရှိနိုင်အောင် ကိုင်တွယ် ကြီးကြပ် နိုင်စွမ်းရှိသူ တစ်ဦးပဲ ဖြစ်ပါတယ် ”

” ဒါ့ကြောင့် ယူနိုက်တက် အနေနဲ့ အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲချင်တယ်ဆိုရင် ဇီဒန်းက သူတို့အသင်းအတွက် ကိုက်ညီတဲ့ နည်းပြမျိုး ဖြစ်သွားမှာ မဟုတ်ပါဘူး ။ ယူနိုက်တက်အသင်း လိုအပ်နေတာ ပိုချက်တီနိုလို နည်းပြမျိုးပါ ” လို့ ဂျွန်ဘန်းစ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar