ဇာဗီ နဲ့ အဲလ်ဗက်စ် ပြန်ရောက်လာအပြီးမှာ မက်ဆီ ကို ပြန်ခေါ်နိုင်တဲ့ အလားအလာကို ထုတ်ဖော်ပြောဆို သွားတဲ့ လာပေါ်တာ

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ လာပေါ်တာ ဟာ လီယွန်နယ် မက်ဆီ ဘာစီလိုနာ ကို ပြန်လာ ကစားနိုင်ချေ ရှိမရှိ ဆိုတဲ့ မေးခွန်း ကို ငြင်းဆို သွားခြင်း မရှိခဲ့ ပါဘူး ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်း ကုန်သွား ခဲ့ပြီး စာချုပ်သစ် ပြန်လည် ချုပ်ဆိုဖို့ လုပ်ဆောင် ကြရာမှာ ဘာစီလိုနာ ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် အဆင်မပြေ ဖြစ်ကာ လူငယ်ဘ၀ ကတည်းက ကစားလာတဲ့ ဘာစီလိုနာ ကို နှုတ်ဆက် ထွက်ခွာခဲ့ရ ပါတယ် ။

လက်ရှိမှာတော့ မက်ဆီ ဟာ ပြင်သစ် ကလပ် PSG မှာ ကစားနေပြီး လိဂ် အသစ် ၊ အသင်းဖော်သစ်တွေ အကြားမှာ အသားကျအောင် ရုန်းကန် နေရ ပါတယ် ။

မက်ဆီ မှာ တံကြောက်ကြော နဲ့ ဒူးဒဏ်ရာ အကင်းမသေမှု ရှိနေပြီး ဒါတွေဟာ သူ့ကို ပြင်သစ် ကလပ် မှာ မျှော်မှန်း ထားသလောက် မကစားစေနိုင်ခဲ့ ပါဘူး ။

ရွှေဘောလုံး ၆ ဆုရှင် ဟာ PSG နဲ့ ချန်ပီယံလိဂ် မှာ ဂိုးတွေ သွင်းထား ပေမယ့် ပြင်သစ် လိဂ် မှာတော့ ခုချိန် အထိ သွင်းဂိုး မရရှိသေး ပါဘူး ။

မက်ဆီ ရဲ့ မိသားစု ဟာလည်း စပိန် နဲ့ ကွဲပြားတဲ့ ပြင်သစ် က လူနေမှု ဘ၀ ကို အသားမကျ သေးတာကြောင့် အာဂျင်တီးနား တိုက်စစ်မှူး ဟာ ပြင်သစ် မှာ မပျော်ရွှင် နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒီလို အချိန်မှာ ဇာဗီ နဲ့ ဒါနီ အဲလ်ဗက်စ် တို့ ဘာစီလိုနာ ကို ပြန်ရောက် လာခဲ့ကြတာဟာ မက်ဆီ ကို အသင်းဟောင်းထံ နောက်တကြိမ် ပြန်လာ ကစားဖို့ စိတ်တိမ်းညွတ်စေ နိုင်မလား ဆိုတဲ့ မေးခွန်းကို ဖြစ်လာ စေခဲ့ ပါတယ် ။

“ကျွန်တော် ဒါကို မငြင်း နိုင်ပါဘူး” လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က အဆိုပါ မေးခွန်းကို ဖြေသွားခဲ့ ပါတယ် ။

“အသက် အရွယ် ဆိုတာ ကိန်းဂဏန်း တခုပဲ ဆိုတာကို ဒါနီ အဲလ်ဗက်စ် ပြန်ရောက်လာတာ နဲ့ သက်သေ ပြသွားခဲ့ ပြီးပါပြီ ။ နောက်ထပ် အံ့အား သင့်ဖွယ်တွေ ကိုလည်း ထပ်ပြီး တွေ့ချင် တွေ့ရ မှာပါ ။

အန်ဒရေ ( အင်နီယေစတာ ) နဲ့ လီယို ( မက်ဆီ ) တို့ ဟာ အသင်းရဲ့ စပါယ်ရှယ် ကစားသမားတွေပါ”

“အနာဂါတ် ကိုတော့ ကျွန်တော် ကြိုမပြော နိုင်ပါဘူး ။ ဒါပေမယ့် သူတို့ အခုထိ ကစားနေကြ တုန်း ပါပဲ ။

ဒီကိစ္စ ကို ကျွန်တော့ စိတ်ထဲမှာ အမြဲ တွေးတော နေမှာပါ ။ လက်ရှိ မှာတော့ သူတို့က အခြား အသင်းတွေ နဲ့ စာချုပ်တွေ ရှိနေပါတယ် ။

ဒါပေမယ့် ဘ၀ မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး” လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကို ပြန်ရောက် လာတဲ့ ဒါနီ အဲလ်ဗက်စ် ကလည်း မက်ဆီ နဲ့ စကားပြောဖို့ ကြိုးစား ဦးမှာ ဖြစ်ပြီး ဘာစီလိုနာ ကို ပြန်လည် တည်ဆောက်ဖို့ ဖိတ်ခေါ် သွားမှာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ဘာပြောနိုင်မှာလဲ ၊ နာရီ နည်းနည်းလောက် ပေးမယ်ဆိုရင် သူနဲ့ ကျွန်တော် စကားပြောဖြစ် မှာပါ ။ သူက ကျွန်တော် မြင်ဖူးသမျှရော တွဲကစားဖူး သမျှ မှာပါ အကောင်းဆုံး ကစားသမားပါ ။

အကောင်းဆုံးတွေ ထွက်သွားတိုင်း သူတို့ နေရာတွေ ကို သတိရ လွမ်းဆွတ် ကြတာ သဘာ၀ ပါပဲ ။

သူ့ကိုရော ဘာဆာ ကစားသမားဟောင်းအားလုံးကိုပါ ဒီကို ပြန်လာ ကြဖို့ ကျွန်တော် တိုက်တွန်း ကြည့်ဦးမှာပါ” လို့ အဲလ်ဗက်စ် က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ PSG နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ် ရှိနေသူ ဖြစ်ပြီး စာချုပ် သက်တမ်းပြည့်ချိန် မှာ မက်ဆီ ဟာ ၃၆ နှစ် ရှိနေမှာ ဖြစ်ပါတယ် ။

အဲ့ဒိ အချိန်မှာတော့ ဘာစီလိုနာ ကို မက်ဆီ ပြန်လာဖို့ မလွယ်တာကြောင့် PSG နဲ့ စာချုပ် သက်တမ်း မှာတင် အသင်းဟောင်းဆီ ပြန်လာ ဖြစ်မလား ဆိုတာကိုတော့ စောင့်ကြည့်ချင်စရာ ကောင်းနေမှာပါ ။

 

SPORTS MYANMAR