ဇလာတန် ရဲ့ Record ည ၊ ဗိုလ်လုပွဲမှာ ဆုံကြမယ့် လန်ဒန်လေဒီများ ၊ ဘာဆာ ကို ပြန်ချင်သေးတဲ့ မက်ဆီ တို့နဲ့ . . . ဒီနေ့နံနက်အတွက် နောက်ဆုံးရ အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်တွေ ထဲမှာတော့ ရိုးမား နဲ့ အေစီမီလန် ပွဲဟာ ပရိသတ် စိတ်အဝင်စားဆုံး ဖြစ်ခဲ့ ပါတယ် ။ အိုလံပီကို ကွင်းကြီး ထဲမှာ ယှဉ်ပြိုင် ကစား ခဲ့ကြတဲ့ ဒီပွဲမှာတော့ အေစီမီလန် က ရိုးမား ကို ၂-၁ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ်။

အေစီမီလန် အတွက် ဇလာတန် နဲ့ ကပ်ဆဲလ်တို့က ဂိုးသွင်းယူ ပေးခဲ့တာပါ ။ ဇလာတန် အတွက်တော့ ဒီဂိုး ဟာ စီးရီးအေ မှာ ဂိုး ၁၅၀ ပြည့်မြောက်တဲ့ ဂိုး ဖြစ်စေခဲ့သလို သူ့ရဲ့ ပရို ကစားသမား ဘ၀ သွင်းဂိုး ၄၀၀ မြောက်တဲ့ ဂိုးလည်း ဖြစ်ခဲ့ ပါတယ် ။

ရိုးမား နည်းပြ မော်ရင်ဟို ကတော့ ဒီရှုံးပွဲကြောင့် သူ့ရဲ့ စီးရီးအေ အိမ်ကွင်း ၄၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိမှုဟာ ရပ်တန့် သွားခဲ့ရ ပါတယ် ။

အခြား ပွဲစဉ်တွေ မှာတော့ နာပိုလီ ဟာ အဝေးကွင်းမှာ ဆလာနီတာနာ အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ရယူ ထားနိုင်ခဲ့ ပါတယ် ။

ဖီအိုရင်တီးနား ကလည်း တိုက်စစ်မှူး ဗလာဟိုဗစ် ရဲ့ ဟက်ထရစ် နဲ့ စပီဇီယာ ကို ၃-၀ နဲ့ အနိုင် ရခဲ့ပြီး အင်တာမီလန် ကလည်း ဟွာကွင်း ကော်ရီယာ ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲ ရရှိခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ အက်သလက်တီကို မက်ဒရစ် တို့ ၃ ဂိုးပြတ် အနိုင် ရခဲ့ပြီး ရီးရဲ ဆိုဆီဒက် ကတော့ ၁ ဂိုးစီ သရေ ကျခဲ့တာကြောင့် ၁ ပွဲပို ကစားပြီး ရီးရဲ အထက် ၁ မှတ် အသာ နဲ့ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် မှာတော့ ခြေမှန်နေတဲ့ ဒေးဗစ် မိုရက်စ် ရဲ့ ဝက်စ်ဟမ်း ဟာ အဝေးကွင်းမှာ အက်စတွန် ဗီလာ ကို ၄-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၃ နေရာက မန်စီးတိး နဲ့ ရမှတ်ချင်း တူညီ သွားခဲ့ပြီ ဖြစ် ပါတယ် ။

အမျိုးသမီး FA Cup ဆီမီး ဖိုင်နယ် ပွဲစဉ်တွေ မှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်းဟာ မန်စီးတီး အမျိုးသမီး အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး ဗိုလ်လုပွဲ ကို တက်လှမ်း သွားခဲ့ ပါတယ် ။ ဒါဟာ စီးတီး လေဒီတွေ အတွက် ၃ နှစ် အတွင်းမှာ ပထမဆုံး FA Cup ရှုံးပွဲလည်း ဖြစ်စေခဲ့ ပါတယ် ။

ချဲလ်ဆီး လေဒီတွေဟာ ဗိုလ်လုပွဲမှာတော့ ဘရိုက်တန် ကို ၃-၀ နဲ့ အနိုင်ယူ လာခဲ့တဲ့ အာဆင်နယ် အမျိုးသမီး အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ဗိုလ်လုပွဲ ကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ မှာ ဝင်ဘာလေ ကွင်းကြီး အတွင်း ယှဉ်ပြိုင် ကစား သွားမှာပဲ ဖြစ်ပါတယ် ။

 

ပြင်သစ် မီဒီယာတွေ ကတော့ PSG ကို ပြောင်းလာပြီး ခုချိန်ထိ မကစားရသေးတဲ့ ခံစစ်မှူး ဆာဂျီယို ရာမိုစ့် နဲ့ စာချုပ် ကို ဖျက်သိမ်းဖို့ အကြံပြု ရေးသား လာကြတယ်လို့ သိရ ပါတယ် ။

PSG တိုက်စစ်မှူး မက်ဆီ ကတော့ ပြင်သစ် ကလပ် မှာ အဆင်မပြေ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေ ကို မဟုတ်မှန်ကြောင်း ငြင်းဆို သွားခဲ့ပြီး တနေ့နေ့ တချိန်ချိန် မှာ သူချစ်တဲ့ ဘာစီလိုနာ ကို ကစားသမား အဖြစ် နဲ့ မဟုတ်ဘဲ ( နည်းစနစ် အကြံပေး ပုံစံမျိုး ) ပြန်သွားဖို့ အိပ်မက် ရှိပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ လီဗာပူး နည်းပြ ယာဂင် ကလော့ ဟာ တိုက်စစ်မှူး တဦး ထပ်မံ ခေါ်ယူဖို့ စိတ်ကူး ရှိနေပြီး ရီးရဲ မှာ နေရာမရ ဖြစ်နေတဲ့ တိုက်စစ်မှူး လူကာ ဂျိုဗစ် ကို စောင့််ကြည့် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR