ဇန်နဝါရီမှာ ကစားသမားတွေကို ရှင်းထုတ်ဖို့ ရှိပေမယ့် လူငယ် ကြယ်ပွင့် တစ်ဦးကိုတော့ အသင်းမှာပဲ ဆက်ထားသွားမယ့် အာဆင်နယ် အသင်း

အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသုံးမဝင်တဲ့ ကစားသမား အချို့ ကို ရောင်းချပြီး လူငယ် ကြယ်ပွင့် အချို့ကို အငှားချသွားဖို့ ရှိနေပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း လုံးဝ အငှားချ၊ရောင်းချ လုပ်မှာ မဟုတ်တဲ့ ကစားသမား တစ်ဦး ရှိနေပါတယ် ။ သူကတော့ ဂါဘရီယဲလ် မာတီနယ်လီပါ ။

အာဆင်နယ် အသင်းဟာ မာတီနယ်လီ အတွက် ရေရှည် အစီအစဉ်တွေ ချမှတ်ထားပြီး အသင်းကနေ ထွက်ခွာခွင့် ပေးသွားဖို့ မရှိကြောင်း အသိပေးထားတယ်လို့ ဘရာဇီးသားရဲ့ ဖခင် ဖြစ်သူက ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

မာတီနယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ မာတီနယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ကိုးလကြာ အနားယူ ခဲ့ရပြီး ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ အချိန် အများစုကို အရန်ခုံမှာသာ ကုန်ဆုံး ခဲ့ရပါတယ် ။

မာတီနယ်လီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း မာတီနယ်လီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ဝက်စ်ဘရွန်း ၊ ဝင်ဘယ်ဒန် ၊ လိဒ်ယူနိုက်တက် တို့ကို အနိုင်ရခဲ့တဲ့ ခါရာဘောင်းဖလားပွဲမှာတော့ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

 

မာတီနယ်လီ ရဲ့ ဖခင်ဖြစ်သူ Joao က Yahoo နဲ့ အင်တာဗျူးမှာ သူ့ရဲ့သား ကိုရင်သီယန် အသင်းထံအငှားထွက် ကစားဖို့ ရှိသလား ဆိုတဲ့ မေးခွန်းကို ” သူ ကိုရင်သီယန် အသင်းရော တခြား ဘရာဇီး အသင်းတွေကိုရော သွားကစားဖို့ မရှိပါဘူး ။ ”

” သူ ဒဏ်ရာကနေ ပြန်လည် သက်သာလာကတည်းက အရင်ကလောက် ကစားခွင့် မရတော့ဘဲ ကစားချိန် နည်းပါးသွားတာ အမှန်ပါပဲ ။ ဥရောပ ကလပ် အသင်းအချို့ဆီက ကမ်းလှမ်းမှုတွေ ရရှိ ခဲ့ပေမယ့် အာဆင်နယ် က သူ့ကို လက်လွှတ်သွားမှာ မဟုတ်ကြောင်း အကြောင်းပြန် ခဲ့ပါတယ် ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

SM