ဆွဲဆောင်မှု ရှိတဲ့ ကစားဟန် နဲ့ စပါးကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် တည်ဆောက်သွားချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ကွန်တီ

ကွန်တီ ဟာ 2016-2017 ဘောလုံးရာသီ က ချဲဆီး ကို ကိုင်တွယ်ခဲ့ပြီး ပထမဆုံး ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပြခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ အဲဒီလို ပထမဆုံး ဘောလုံးရာသီမှာပဲ ချန်ပီယံ ဖလား သိမ်းပိုက်နိုင်အောင် စွမ်းဆောင်ပြနိုင်တဲ့ နည်းပြ 4 ဦးသာ ပေါ်ထွက်ခဲ့ဖူးပါတယ်။

သူဟာ မနေ့ညကပဲ စပါး အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင် ကြီးကြပ် ကိုင်တွယ်ခဲ့ပြီး ၊ ဒီညနေပိုင်းမှာတော့ စပါး နည်းပြဘ၀ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ ရည်မှန်းချက်တွေ အကြောင်းကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ကျနော့် ရဲ့ ဘောလုံး ဒသန က အရမ်းကို ရိုးရှင်းပါတယ်။ ပရိသတ်တွေ အတွက် ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကစားဟန် ဖြစ်အောင် တည်ဆောက်မယ် ၊ စပါး ရဲ့ ရလာဒ်တွေကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားသွားချင်ပါတယ်။

စပါး ပရိသတ်တွေဟာ ပြိုင်ဆိုင်မှု အပြည့်ရှိတဲ့ အသင်းမျိုး ပိုင်ဆိုင်ခွင့်ရဖို့ ထိုက်တန်တယ်လို့လဲ မြင်မိပါတယ်။ ဒါကြောင့် သူတို့ရဲ့ အားပေးဝန်းရံမှုတွေ ကို တုန့်ပြန်တဲ့ အနေနဲ့ ကျနော်က ရှိသမျှ ခွန်အားတွေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ လက်ရှိ အသင်းမှာ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကြောင့် တွန်းအားတွေ ဖြစ်လာသလို ၊ အလုပ်ကို ကြိုးစားပြီး လုပ်ကိုင်ဖို့ အတွက်လဲ ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာစေပါတယ်။

ဒီအခွင့်အရေး က အရမ်းကို တန်ဖိုးကြီးမား တဲ့ အခွင့်အရေးမျိုးမို့ ၊ စပါး ရဲ့ မန်နေဂျာသစ် ဖြစ်လာတဲ့ အပေါ် ဂုဏ်ယူမိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ကွန်တီ ဟာ ပြီးခဲ့တဲ့ နွေရာသီ ကာလ က အင်တာ မီလန် အတွက် စီးရီးအေ ဖလားကြီး ကို ဆွတ်ခူးပေးပြီးနောက် 3 ပတ် အကြာမှာပဲ နှစ်ဖက် သဘောတူညီမှု ရယူကာ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စပါး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့သည့်တိုင်အောင် ၊ တရားဝင် နီးစပ်မှုတော့ မရှိခဲ့ပါဘူး။

“ အတိတ်က စွမ်းဆောင်ရည်တွေ က အရမ်းကို အရေးပါ ပါတယ်။ ကျနော်ကလဲ အဲဒီ အောင်မြင်မှုတွေကြောင့် ဂုဏ်ယူပြီးသားပါ။

ဒါပေမယ့် လက်ရှိ ကျနော့် အတွက် စိန်ခေါ်မှု က စပါး ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင်လဲ စပါးဟာ နည်းပြဘ၀ ဖြတ်သန်းမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခုအဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားပြချင်နေတာပါ။

နွေရာသီတုန်း က ကလပ်အသင်းကရော ၊ ဥက္ကဌကြီး ဒန်နီရယ် လီဗေး ကိုယ်တိုင်ကပါ ကျနော့် ကို လိုလိုချင်ချင် ရှိခဲ့ပါတယ်။ ဒါကြောင့် တရားဝင် ဆက်သွယ်မှုတွေလဲ ရခဲ့တယ်လေ။ ဒါပေမယ့် ကျနော်ဟာ အင်တာ မီလန် နဲ့ အတူ ကြမ်းတမ်းတဲ့ ရာသီ တခုကို ဖြတ်သန်းထားရတဲ့ အတွက် ၊ စာမျက်နှာသစ် ထပ်မံ ဖွင့်လှစ်ဖို့ အသင့်မဖြစ်သေးဘူး ဆိုပြီး တုန့်ပြန်ခဲ့တာပါ။

ကျနော် ဘက်က အချိန်တစ်ခု စောင့်ကြည့်ချင်သေးတာ ဖြစ်သလို ၊ မိသားစု နဲ့လဲ အတူတူရှိချင်နေသေးတာလေ။

စပါးဟာ အင်္ဂလန် ရဲ့ အသင်းကြီး တစ်သင်းပါ။ ခေတ်မှီ လေ့ကျင့်ရေးစင်တာရော ၊ ကွင်းသစ်ကြီးပါ ပိုင်ဆိုင်ထားပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM