ဆွာရက် ကို လမ်းကြုံတုန်း လက်တုန့်ပြန်လို့ရနိုင်တဲ့ အခွင့်အရေးကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ဖွင့်ဟပြောဆိုလာတဲ့ ပက်ထရိစ် အီဗရာ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရိစ် အီဗရာ က သူ ဟာ လီဗာပူး တိုက်စစ်မှူးဟောင်း လူးဝစ် ဆွာရက် ကို လမ်းပေါ်မှာ ဆုံတွေ့ခိုက် လက်တုန့်ပြန်ဖို့ အခွင့်အရေး ရခဲ့ ပေမယ့် ဒီလို မလုပ်ဖို့ ဆုံးဖြတ် ဖူးခဲ့ကြောင်း ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

ဆွာရက် နဲ့ အီဗရာ တို့ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ လ တုန်းက ကစားခဲ့တဲ့ ပွဲမှာ အသားအရောင် နဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး အကြီးအကျယ် ပြဿနာ တက်ခဲ့ကြသူတွေ ဖြစ်ပါတယ် ။

တဘက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ဆွာရက် ဟာ အီဗရာ ကို အသားအရောင် ခွဲခြားတဲ့ အသုံးအနှုန်း ကို သုံးခဲ့တယ်လို့ စွဲချက်တင် ခံခဲ့ရ ပါတယ် ။

FA ရဲ့ စုံစမ်း စစ်ဆေးမှု အပြီးမှာတော့ ဆွာရက် ဟာ အီဗရာရဲ့ မျိုးရိုး / အသားအရောင် စတာတွေ အပေါ် ပုတ်ခတ် ပြောဆို ခဲ့တယ်လို့ ဆုံးဖြတ် ခဲ့ပြီး ယူရဂွိုင်း ( ဥရုဂွေး ) တိုက်စစ်မှူး ကို ၈ ပွဲပယ် ကာ ပေါင် ၄ သောင်း ဒဏ်တွေလည်း ကျခံ စေခဲ့ ပါတယ် ။

၂၀၂၁ ဖေဖော်ဝါရီလ ၊ အိုးထရက်ဖိုဒ့် မှာ ကစားခဲ့တဲ့ ပွဲမှာတော့ ဆွာရက် ဟာ ပွဲမစခင် ၂ ဘက် အသင်းသားတွေ နှုတ်ဆက်ချိန်မှာ အီဗရာ ရဲ့ လက်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ရာကနေ နောက်ထပ် လူပြောစရာ ကိစ္စ တခု ထပ်မံ ပေါ်ပေါက်ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ အီဗရာ ဟာ ဘောလုံး မကစားတော့ဘဲ ဆွာရက် ကတော့ အက်သလက်တီကို မက်ဒရစ် အသင်းကို ရောက်ရှိ နေပြီ ဖြစ်ပါတယ် ။

သူတို့ ၂ ဦးဟာ အဆိုပါ ကိစ္စတွေ ဖြစ်ပြီးနောက် မန်ချက်စတာမြို့ရဲ့ လမ်းမတခုထက်မှာ ဆုံတွေ့ ခဲ့ကြပြီး အဆိုပါ အချိန်တုန်းက ဆွာရက် ကို လက်တုန့်ပြန်ဖို့ အခွင့်အရေး ရခဲ့ဖူးကြောင်း အီဗရာ က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

“အဲ့ဒိ တုန်းက ကျွန်တော့ ညီအကို ၂ ယောက်နဲ့ အတူ ရှိနေတာပါ ။ တယောက် က ‘ဟိုမှာ လူးဝစ် ဆွာရက်ကွ’ လို့ ကျွန်တော့ကို ပြခဲ့ ပါတယ် ။ သူ့ကို ကျွန်တော် ကြည့်လိုက်ပါတယ် ။

ဒါပဲ ၊ ဒါငါ့အတွက် အခွင့်အရေးပဲ လို့လည်း တွေးလိုက်မိပါတယ် ။

သူက လမ်းလျောက်လာတာပါ ၊ သူ့နောက်မှာ သူ့ကလေးတွေ နဲ့ သ့ူမိန်းမ ကို ကျွန်တော် မြင်လိုက်ပါတယ်”

“သူ့ကို ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ၊ သူ့ကို ဘယ်လောက်ပဲ လုပ်ချင်နေပါစေ ၊ သူ့မိသားစု ရှေ့မှာတော့ မလုပ်သင့်ဘူး လို့ ကျွန်တော်တွေးပြီး ကျောခိုင်းခဲ့ ပါတယ် ။

ဒီအတွက် တကယ် နောင်တမရမိ ပါဘူး ။ တကယ်လို့သာ ကျွန်တော် လုပ်ခဲ့ရင် အဲ့ဒိနေ့က ဆိုးဆိုးရွားရွားတွေ ဖြစ်သွား နိုင်ပါတယ် ။ ဒါပေမယ့် အဲ့နေ့က ဘာမှ မလုပ်ခဲ့ ပါဘူး” လို့ အီဗရာ က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

အဆိုပါ အချိန်တုန်းက လီဗာပူး နဲ့ မန်ယူနိုက်တက် အကြားမှာ အီဗရာ-ဆွာရက် ကိစ္စ နဲ့ ပတ်သက်ပြီး အချင်းများမှုတွေ ရှိခဲ့ကြကာ လီဗာပူး ကစားသမားတွေဟာ ဒီဇင်ဘာ အတွင်း ကစားခဲ့တဲ့ ဝီဂန် အသင်းနဲ့ ပွဲစဉ်မှာ ဆွာရက် ရဲ့ ရုပ်ပုံ ပါတဲ့ တီရှပ်တွေ ဝတ်ဆင်ကာ အသင်းဖော်ဘက်ကနေ ထောက်ခံကြောင်း ပြသခဲ့ ပါတယ် ။

ဒါပေမယ့် ၂၀၁၉ မှာတော့ အဆိုပါ ပွဲမှာ ပါဝင် ခဲ့တဲ့ ဂျေမီ ကာရေဂါ က သူတို့ရဲ့ လုပ်ရပ်ဟာ ကြီးမားတဲ့ အမှားတခု ဖြစ်ခဲ့ကြောင်း ဝန်ခံ ပြောဆို သွားခဲ့ပြီး Sky Sports ရဲ့ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် နေစဉ်မှာ အီဗရာ ကို တောင်းပန်စကား ဆိုသွားခဲ့ ပါတယ် ။

အီဗရာ နဲ့ ဆွာရက် တို့ ဟာ ၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ပြန်ဆုံ ခဲ့ကြပါတယ် ။ အီဗရာ ရဲ့ ယူဗင်တပ် ဟာ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ဆွာရက် ရဲ့ ဘာစီလိုနာ နဲ့ ရင်ဆိုင် ခဲ့ရပြီး ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။

“ကျွန်တော် နေမာ နဲ့ စကားပြောနေတုန်း သူ ( ဆွာရက် ) ဖြတ်လျောက် လာခဲ့တာပါ ။ သူ ကျွန်တော့ကို လက်ဆွဲ နှုတ်ဆက် ခဲ့ပြီး ‘မင်း အိုကေလား’ လို့ မေးခဲ့ ပါတယ် ။ ကျွန်တော် ကလည်း အိုကေပါတယ် လို့ ပြန်ဖြေခဲ့ ပါတယ် ။

ဆွာရက် အပေါ် မုန်းတီးတာမျိုး မရှိပါဘူး ၊ သူက လူမျိုးရေး ခွဲခြားတဲ့ သူလို့လည်း မသတ်မှတ်နိုင်ပါဘူး ။

ဘာလို့လည်း ဆိုတော့ သူ နဲ့ ကျွန်တော် မရင်းနှီးလို့ပါပဲ ။ ဒါပေမယ့် အဲ့ဒိ နေ့တုန်းကတော့ သူ ကျွန်တော့ကို ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေ သုံးသွားခဲ့ပါတယ်” လို့ အီဗရာ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR