ဆောက်သမ်တန် ကို ဂိုးပြတ် အနိုင်ယူတဲ့ ပွဲအပြီး လီဗာပူး တို့ တင်ရှိလိုက်တဲ့ စံချိန်မှတ်တမ်းများ

လီဗာပူး ရဲ့ ဒီရာသီ တိုက်စစ် စွမ်းဆောင်ရည်က ကြောက်ခမန်း လိလိ ဖြစ်လောက်အောင်ကို သွင်းဂိုးတွေ ဆက်တိုက် မြင့်တက်လျှက် ရှိနေပါတယ်။ လက်ရှိ အချိန်ထိ ပြိုင်ပွဲပေါင်းစုံ ကစားထားတဲ့ ပွဲစဉ်တိုင်း သွင်းဂိုး မရယူနိုင်တဲ့ ပွဲမျိုး ဆိုတာ လုံး၀ ကို မရှိသေးတာပါ။

မနေ့ညက ဆိုရင် ဆောက်သမ်တန် အသင်းကို အိမ်ကွင်းမှာ 4 ဂိုး ပြတ်သွင်းပြရင်း ၊ နောက်ဆုံး ကစားခဲ့တဲ့ 17 ပွဲ ဆက်တိုက် သွင်းဂိုး 2+ နဲ့ အထက် သွင်းယူပြနိုင်တဲ့ စံချိန် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အင်္ဂလန် ဘောလုံး လောကမှာ ဒီလို မှတ်တမ်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း 100 အတွင်း ဘယ်ကလပ်မျိုးမှ စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလဲ 13 ပွဲ ကစားအပြီး ၊ စုစုပေါင်း သွင်းဂိုး က 39 ဂိုး အထိ ရှိလာနေပြီ ဖြစ်လို့ ၊ ဒီ ကိန်းဂဏန်း ဟာ သူတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဘောလုံးရာသီက ထက်တောင် ပိုကောင်းနေပါသေးတယ်။ လက်ရှိ အနေအထား အရ တစ်ပွဲ ပျမ်းမျှ သွင်းဂိုး ဟာ 3 ဂိုး နှုန်း ဖြစ်နေတဲ့ အသင်းရဲ့ အနေအထားကိုလဲ နည်းပြ ကလော့ပ်က အခုလို သုံးသပ် ပြသွားခဲ့ ပါတယ်။

“ မနှစ်က ဘောလုံးရာသီမှာ ဆိုရင် ကျနော်တို့ အသင်း ဘာတွေ လုပ်အပ်ချက်တွေ ရှိနေလဲ ဆိုတာ ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ်။ အထူးသဖြင့် တည်ငြိမ်မှု အားနည်းခဲ့တဲ့ အချက်ပေါ့။ ခံစစ်မှုး တွေ အကုန်လုံး ဒဏ်ရာရသွားတဲ့ အခိုက်အတန့်မှာ အကောင်းဆုံး အဖြေကို ကြိုးစား ရှာဖွေခဲ့ပါတယ်။

အဲဒီလောက်အထိ ခံစစ် ဒဏ်ရာပြသနာတွေ နှိပ်စက်ခဲ့တဲ့ အတွက် ကျနော်တို့လဲ တော်တော်ကြီးကို အံ့အားသင့်မိခဲ့တာပါ။

ဒါပေမယ့် အခုတော့ ပြန်လည် တည်ငြိမ်သွားပါပြီ။ ကစားသမား တိုင်း က သူတို့ ဘယ်လိုလုပ်ရမယ် ၊ ဘာ တာဝန်တွေ ယူရမလဲ ဆိုတာ ကောင်းကောင်း သဘောပေါက်ထားပါတယ်။

မာနေး ၊ ဆာလာ တို့ဆိုရင် ရာသီအကြို ပြင်ဆင်မှုတွေမှာ လုံလောက်တဲ့ အချိန်တွေ ရှိခဲ့သလို ၊ သူတို့ရဲ့ ရင့်ကျက်လာတဲ့ အတွေ့အကြုံကြောင့် အများကြီး အထောက်အပံ့ဖြစ်နိုင်တယ် ဆိုပြီး ကြိုတွေးထားခဲ့တာပါ။ အဲဒီ အချက်အလက်တွေပေါ် အခြေခံပြီးတော့လဲ အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို တည်ငြိမ်လာခဲ့တာပေ့ါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

အခု ဆိုရင် လီဗာပူး ဟာ ယာဂန် ကလော့ပ် ရဲ့ လက်ထက်မှာ စုစုပေါင်း သွင်းဂိုး 702 ဂိုး အထိ သွင်းယူ ပြနိုင်ခဲ့ပြီလဲ ဖြစ်ပါတယ်။

မို ဆာလာ ဟာ ပရီးမီးယားလိဂ် တစ်ရာသီ သွင်းဂိုး စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ 2017-2018 ဘောလုံးရာသီ က ပထမဆုံး 19 ပွဲ ကစားအပြီး 15 ဂိုး သွင်းယူ ပြခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ 13 ပွဲ ကစားပြီး 11 ဂိုး သွင်းယူကာ 8 ကြိမ် ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားပြီးပြီ ဖြစ်လို့ ၊ လာမယ့် ပွဲကျပ် ကာလ အတွင်း နောက်ထပ် သွင်းဂိုးတွေ ဘယ်လောက် အထိ ရယူပေးသွားနိုင်ဦး မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။

လီဗာပူး ဟာ ဆောက်သမ်တန် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး 8 ပွဲ မှာ ရှုံးပွဲ လုံး၀ မရှိသေးပဲ 6 ပွဲ နိုင် ၊ 2 ပွဲ သရေ ရလာဒ် ထွက်ပေါ် ထားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲ ဆက်တိုက် ဂိုးတွေ သွင်းယူပြခဲ့တဲ့ တီယာဂို ကတော့ လီဗာပူး ကစားသမား ဘဝမှာ စုစုပေါင်း 3 ဂိုး သွင်းယူထားပြီး ၊ အဲဒီ 3 ဂိုး စလုံးဟာ အဝေးကန်ချက်တွေ နဲ့ချည်းပဲ ရယူပြထားခဲ့တာပါ။

ပိုပြီး ထူးခြားတာက လက်ရှိ အချိန်ထိ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ ပရီးမီးယားလိဂ် သွင်းဂိုး က 2 ဂိုးပဲ ရှိသေးပေမယ့် ၊ အဲဒီ နှစ်ဂိုး စလုံးကို ဆောက်သမ်တန် အသင်းဘက်ကိုပဲ သွင်းယူပြထားတာ ဖြစ်ပါတယ်။

မို ဆာလာ ဟာ ဒီရာသီမှာ ပြိုင်ပွဲ ပေါင်းစုံ စုစုပေါင်း 18 ပွဲ အထိ ကစားပြီး 17 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 8 ကြိမ် အထိ လုပ်ဆောင်ထားခဲ့ပါတယ်။ သူ ဂိုးသွင်းနိုင်ခြင်း / ဂိုးဖန်တီးမှု လုပ်ပြနိုင်ခြင်း မရှိတဲ့ ပွဲဆိုလို့ 2 ပွဲသာ တွေ့ရသေးပါတယ်။

SM