ဆိုးရှား နဲ့ မတူတဲ့ ကာရစ် ရဲ့ ဗျုဟာနဲ့ စပိန်မြေပေါ်က ယူနိုက်တက် နိုင်ပွဲက ထူးခြားချက်များ



နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက် တို့ ချန်ပီယံလိဂ် အုပ်စု ကနေ လွတ်မြောက် သွားခဲ့ ပါပြီ ။

နည်းပြ ဆိုးရှား နဲ့ လမ်းခွဲ အပြီး ပထမဆုံး ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက် ဟာ အဝေးကွင်း စပိန်မြေ ပေါ်မှာ ဗီလာရီးရဲ ကို ၂ ဂိုးပြတ် အနိုင် ကစားနိုင်ခဲ့ ပါတယ် ။

ဒါဟာ ယူနိုက်တက် ကို အုပ်စုတွင်းမှာ ၁၀ မှတ် ရသွားစေခဲ့ပြီး အတ္တလန်တာ ရဲ့ ယန်းဘွိုင်းစ် နဲ့ သရေကျမှုဟာ မန်ချက်စတာ ယူနိုက်တက် ကို အုပ်စု ပထမ ရဖို့ကိုပါ အလားအလာ ကောင်းသွား စေခဲ့ ပါတယ် ။

ဒီပွဲမှာ မြင်ခဲ့ရတဲ့ ထူးခြား ကောင်းမွန်တဲ့ အရာ အချို့ ကတော့ –

 

၁ ။ ဆိုးရှား နဲ့ မတူတဲ့ ကာရစ်

 

အိုလေဂန်နာ ဆိုးရှား လက်ထက်က မန်ချက်စတာ ယူနိုက်တက် လူစာရင်းဟာ အလွတ်ရလောက်အောင် ကို ပွဲတိုင်း ထပ် နေခဲ့ ပါတယ် ။

မနေ့က ညမှာတော့ ယာယီ နည်းပြ ကာရစ် ဟာ ကွဲပြားတဲ့ လူစာရင်းကို အသုံးပြု သွားခဲ့ ပါတယ် ။

ကာရစ် ဟာလည်း ၄-၂-၃-၁ ကို ခင်းကျင်းခဲ့ ပေမယ့် ကွင်းလယ်မှာတော့ ဆိုးရှား ပွဲတိုင်း သုံးတဲ့ ဖာနန်ဒက်စ် အစား ဒွန်နီ ဗန်ဒီဘိ ကို နေရာပေး ခဲ့ ပါတယ် ။

ဆန်ချို ကိုလည်း သူအားသန်တဲ့ ညာတောင်ပံမှာပဲ ထားပြီး ကစားသွားခဲ့သလို တိုက်စစ်မှာလည်း အန်တိုနီ မာရှယ် ကို သုံးသွားခဲ့ ပါတယ် ။

ဒုတိယပိုင်းမှာတော့ ကာရစ် ဟာ မာရှယ် နဲ့ ရက်ဖိုဒ့် ၊ ဗန်ဒီဘိ နဲ့ ဖာနန်ဒက်စ် တို့ကို ထည့်ပြီး တိုက်စစ် အရှိန်မြှင့် ခဲ့ပါတယ် ။

ဒီလို တိုက်စစ်မြှင့်မှုကြောင့် ယူနိုက်တက် ဟာ ပွဲရဲ့ နောက်ဆုံး မိနစ် ၂၀ မှာ ဗီလာရီးရဲ ဘက်ကို ထိုးနှက် နိုင်ခဲ့ပြီး အနိုင်ဂိုးတွေ ရရှိခဲ့ ပါတယ် ။

 

ဂျေဒန် ဆန်ချို ဟာလည်း မန်ချက်စတာ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့ ပါတယ် ။

ဗီလာရီးရဲ နည်းပြ အမ်မရီ ကိုယ်တိုင်က ယူနိုက်တက်ရဲ့ ဒုတိယပိုင်းက အတွဲလိုက် လူစားလဲမှု ဟာ ပွဲရလဒ် အပေါ် သက်ရောက် ခဲ့တယ်လို့ ထုတ်ဖော် ဝန်ခံထားခဲ့ ပါတယ် ။

 

၂ ။ မှတ်တမ်းကိုယ်စီ ရယူလိုက်တဲ့ ပေါ်တူဂီသားများ

 

ရိုနယ်ဒို ရောက်လာတာဟာ မန်ချက်စတာ ယူနိုက်တက် ကို ကစားရ ပိုခက်စေတယ် ဆိုတဲ့ အသံတွေ က နေ့တိုင်းလိုလို ပေါ်ထွက်နေပါတယ် ။

ဒါပေမယ့် ရိုနယ်ဒို ကတော့ သူ့ အလုပ်ကိုသူ အကောင်းဆုံးဖြစ်အောင် အမြဲလုပ်နေတုန်း ပါပဲ ။

မနေ့ညက ပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ ယူနိုက်တက် ရဲ့ အဖွင့်ဂိုးကို သွင်းပေးခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီရာသီ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲတိုင်း မှာ ဂိုးသွင်းပေးထား ခဲ့ပြီး အင်္ဂလိပ် ကလပ်တွေ ထဲမှာ ဒီလို စွမ်းဆောင် နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ ပေါ်တူဂီ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ကလည်း မနေ့ညက ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့ ပါတယ် ။

ဒါဟာ ဖာနန်ဒက်စ် ကို ချန်ပီယံလိဂ် သမိုင်း တလျောက် အင်္ဂလိပ် ကလပ်တွေထဲက အုပ်စု ၅ ပွဲဆက်တိုက် ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာစေခဲ့ ပါတယ် ။

 

ဖာနန်ဒက်စ် အတွက်တော့ ဒီလို စွမ်းဆောင်နိုင်မှုဟာ အရေးပါခဲ့ပြီး အောက်တိုဘာ လောက်ကစလို ခြေစွမ်း မပေါ်လို့ ဝေဖန်နေမှုတွေကို အထိုက်အလျောက် ချေဖျက် နိုင်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။

 

၃ ။ အစားထိုးမရသေးတဲ့ ဒီဂီယာ

 

ယူနိုက်တက် ဟာ အိုလေ ဂန်နာ ဆိုးရှား ထွက်သွားပြီးမှာ ဒီရာသီ ချန်ပီယံလိဂ် ရဲ့ ပထမဆုံး Clean Sheet ကို ရခဲ့ ပါတယ် ။

ဒါပေမယ့် ဒီလို ရလာတာဟာ ဆိုးရှား ထွက်သွားလို့ ဆိုတာထက် ဒေးဗစ် ဒီဂီယာ ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ ကြောင့်ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ် ။

စပိန် ဂိုးသမားဟာ ပထမပိုင်း မှာရော ဒုတိယပိုင်း မှာပါ ဗီလာရီးရဲ ရဲ့ ကန်ချက်တွေကို ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ပြီး အသင်း အတွက်ရော သူ့အတွက်ပါ ကောင်းမွန်တဲ့ အရာကို ယူဆောင်ပေးနိုင်ခဲ့ ပါတယ် ။

ဟန်ဒါဆင် ပွဲမကစားရ သေးတာကြောင့် ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အစားထိုးလို့ မရသေးတဲ့ နံပါတ် ၁ ဂိုးသမား အဖြစ် ရှိနေဆဲ ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ ဒီရာသီမှာ ပြည်တွင်း – ဥရောပ ၂ နေရာစလုံး ပုံစံကောင်းတွေပြပြီး အရာရာမှာ ဦးဆောင် နေတဲ့ ချဲလ်ဆီး အသင်း ကို စတမ်းဖိုဒ့် ဘရစ်မှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ် ။

လက်ရှိ အနေအထားတွေ အရ ချဲလ်ဆီး ဟာ ယူနိုက်တက် ကို အနိုင်ရဖို့ အပြတ်အသတ် ရေပန်းစားနေ မှာပါ ။

ဒါကို မိုက်ကယ် ကာရစ် နဲ့ ယူနိုက်တက် ကစားသမားတွေ ဘယ်လို ရင်ဆိုင် တွန်းလှန် ဖို့ ကြိုးစားမလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ . . .

 

SPORTS MYANMAR