ဆိုးရှား နေရာဝင်မယ့်သူ ၊ အဆင့် ၁ ရောက်လာတဲ့ ရီးရဲ ၊ မော်ရင်ဟို စင်တင်လိုက်တဲ့ လူငယ်လေး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

  • အိုလေ ဂန်နာ ဆိုးရှား နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ လမ်းခွဲ အပြီးမှာတော့ ဘယ်သူက နည်းပြသစ် ဖြစ်လာမယ် ဆိုတဲ့ သတင်းတွေ များစွာ ပေါ်ထွက် လာခဲ့ ပါတယ် ။

ယူနိုက်တက် အကြီးအကဲတွေဟာ မိုက်ကယ်ကာရစ် ကို လာမယ့် ပွဲစဉ်တွေ အတွက် တာဝန် ပေးအပ် ထားပြီး ရာသီကုန်အထိ ကိုင်တွယ်မယ့် နည်းပြ တဦးကို ရှာဖွေ နေတယ်လို့ ကြားသိရ ပါတယ် ။

စပိန် လက်ရွေးစင် နည်းပြ လူးဝစ် အန်နရီကေး ကတော့ ယူနိုက်တက် နည်းပြ ရာထူး အတွက် မေးမြန်း ခံရချိန်မှာ “ဒီနေ့က ဧပရယ်ဖူးလ်ဒေး လား” လို့ ပြန်မေး သွားခဲ့တယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေကြိုက်တဲ့ အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် ကလည်း သူဟာ လက်ရှိ ကိုင်တွယ် နေတဲ့ အိုင်ယက်စ် အပေါ်မှာသာ အာရုံစိုက် ထားပါတယ်လို့ ဖြေကြားခဲ့ ပါတယ် ။

သတင်း အချို့ ကတော့ တန်ဟတ် ဟာ ရာသီအကုန်မှာ လာရောက် ကမ်းလှမ်း ခဲ့ပါက မန်ချက်စတာ ယူနိုက်တက် နည်းပြ နေရာကို လက်ခံ လိမ့်မယ်လို့လည်း ဖော်ပြ ခဲ့ပါတယ် ။

နောက်ဆုံး ကြားသိရတဲ့ သတင်းတွေ မှာတော့ ပိုချက်တီနို ဟာ PSG မှာ မပျော်ရွှင် တာကြောင့် ယူနိုက်တက် ဘက်က ခန့်အပ်ဖို့ သဘောတူညီပါက ပြင်သစ် ကလပ် ကနေ နှုတ်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရ ပါတယ် ။

ယူနိုက်တက် အကြီးအကဲတွေ ( ဆာအဲလက်စ် အပါအဝင် ) ကလည်း ပိုချက်တီနို ကို ဇီဒန်း ထက် ပိုမို သဘောကျနေ တယ်လို့ သိရ ပါတယ် ။

ဇီဒန်း ကတော့ ယူနိုက်တက် ထက် PSG ကို ကိုင်တွယ် ဖို့ ပိုမို ဆန္ဒ ရှိနေတယ်လို့ သိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ဥရောပ ထိပ်တန်းလိဂ် တွေ မှာတော့ အင်တာ မီလန် ဟာ စီးရီးအေ ကို ဦးဆောင် နေတဲ့ နာပိုလီ အသင်းကို ဒီရာသီ အတွက် ပထမဆုံး ရှုံးပွဲ ကြုံတွေ့အောင် စွမ်းဆောင် သွားခဲ့ ပါတယ် ။

ဆန်စီရို မှာ ကစားခဲ့တဲ့ ပွဲမှာ အင်တာ ဟာ နာပိုလီ ကို ၃-၂ နဲ့ အနိုင် ရရှိခဲ့တာပါ ။

မော်ရင်ဟို ရဲ့ ရိုးမား ကတော့ ဂျီနိုအာ ကို ၂-၀ နဲ့ အနိုင် ကစားပြီး ဂျီနိုအာ နည်းပြသစ် ရှက်ဗ်ချန်ကို ရဲ့ အဖွင့်ပွဲ ကို မလှမပ ဖြစ်စေခဲ့ ပါတယ် ။

ဒီပွဲမှာ မော်ရင်ဟို ဟာ လူငယ်လေး ဖိလစ် အဖီနာ ဂျန် ကို လူစားလဲထည့် ခဲ့ပြီး အဖီနာဂျန် က အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူ ပေးခဲ့ ပါတယ် ။

ဖိလစ် အဖီနာဂျန် ဟာ စီးရီးအေ မှာ ဂိုး သွင်းယူ နိုင်တဲ့ ပထမဆုံးသော ၂၀၀၃ ခုနှစ်ဖွားလည်း ဖြစ်လာခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ခြေစွမ်းကောင်းတွေ နဲ့ နိုင်ပွဲတွေ ဆက်နေပြီး ဂရန်နာဒါ ကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားခဲ့ပါတယ် ။

ဒီနိုင်ပွဲ ကြောင့် ရီးရဲ ဟာ သရေ ကျခဲ့တဲ့ ဆိုဆီဒက် ကို ကျော်ကာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁ နေရာကို ( ၁ ပွဲ လျော့ ကစားပြီး ) ရယူ သွားနိုင်ခဲ့ ပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် မှာတော့ မန်စီးတီး ဟာ အဲဗာတန် ကို အိမ်ကွင်းမှာ ဂိုးမိုးရွာကာ အနိုင် ကစားခဲ့ပြီး စပါး ကလည်း အန်တိုနီယို ကွန်တီ ရဲ့ ပထမဆုံး အိမ်ကွင်း ပွဲစဉ်မှာ လိဒ် ကို နောက်က လိုက် ကစားပြီး အနိုင် ရရှိခဲ့ ပါတယ် ။

ယူဗင်တပ် ကနေ ထွက်ခွာ လိုတဲ့ ဝေးလ် ကွင်းလယ်လူ အာရွမ် ရမ်ဆေး ဟာ ပရီးမီးယားလိဂ် ကို ပြန်လာဖို့ စိတ်ကူး ရှိနေပြီး နယူးကာဆယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့က စောင့်ကြည့် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR