ဆိုးရှား ကို ဘာကြောင့် မထုတ်ပယ်သင့်လဲ ဆိုတာကို ရှင်းပြသွားခဲ့တဲ့ ဂယ်ရီနဗီးလ်

လီဗာပူး ကို ၅ – ၀ ၊ မန်စီးတီး ကို ၂ – ၀ ၊ လက်စတာ စီးတီး ကို ၄-၂ . . . ဒီရလဒ်တွေကို တလ ဆိုတဲ့ အချိန် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် တို့ ရခဲ့ ပါတယ် ။ အနိုင်ရလဒ်တွေလား . . . မဟုတ်ပါဘူး ။ ရှုံးပွဲတွေပါ ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ပွဲ အထိ ယူနိုက်တက်တို့ ရှုံးထားပါတယ် ။ အဲဗာတန် နဲ့ သရေ ကျခဲ့ပြီး ယူနိုက်တက် ကို ရှုံးခဲ့တဲ့ စပါး ကတော့ နည်းပြပါ ထုတ်ခံ ခဲ့ရ ပါတယ် ။

လီဗာပူး နဲ့ မန်စီးတီး ကိုက အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ရှုံးခဲ့တာပါ ။ တသင်းက အမှတ်ပေး ဖလား ၁၉ လုံးနဲ့ ယူနိုက်တက် ရဲ့ အလုံး ၂၀ စံချိန်ကို အမီလိုက်နေတဲ့ ခါးသီးတဲ့ မဟာပြိုင်ဘက် ၊ နောက်တသင်းက ဆယ်နှစ် အတွင်းမှာ အမှတ်ပေး ဖလား ၅ လုံး ရယူထားတဲ့ ဆူညံတဲ့ အိမ်နီးနားချင်းတွေပါ ။ ဒီလို မဟာပြိုင်ဘက်တွေကို အိမ်ကွင်းမှာ ဂိုးပြတ် ခြေပြတ်နဲ့ ယူနိုက်တက်တို့ အရှုံးပေးခဲ့ရတာပါ ။

အိုးထရက်ဖိုဒ့် ကွင်းထဲမှာ အိုလေ ဂန်နာ ဆိုးရှား ကို ထောက်ခံတဲ့ အသံတွေ ထွက်နေပေမယ့် ဆိုရှယ် မီဒီယာ ထက်မှာတော့ နော်ဝေသားကို မန်ချက်စတာ ယူနိုက်တက် ရဲ့ ပဲ့ကိုင်ရှင် အဖြစ်ကနေ မမြင်လိုတော့တဲ့ သူတွေ တဖြည်းဖြည်း များလာနေ ပါပြီ ။ ကွင်းထဲမှာ အပတ်တိုင်း “Ole, Ole” လို့ အော်နေတဲ့ သူတွေ ဘယ်လို စိတ်ကူး ရှိနေလဲဆိုတာ မတွေးတတ်တော့ ပါဘူး ။

ထူးခြားတာက ဒီလောက် ရလဒ်တွေ ဆိုးရွား နေတာတောင်မှ ယူနိုက်တက် ကစားသမားဟောင်းတွေက ဆိုးရှား ကို ထုတ်ပေးဖို့ မပြောကြသေးတာ ပါပဲ ။ လီဗာပူး ကို ၅ ဂိုးပြတ် ရှုံးတုန်းကသာ ဝူးဝူးဝါးဝါး ထလုပ် ခဲ့ကြတဲ့ ယူနိုက်တက် Legend တွေဟာ စပါးကို နိုင်လိုက်တဲ့ ပွဲပြီး ကတည်းက ဆိုးရှား နဲ့ ပတ်သက်ပြီး ဘာမှ မပြောကြတော့ ပါဘူး ။

မနေ့ညက ပွဲမှာလည်း ဆိုးရှား ရဲ့ အသင်းဖော်ဟောင်း ၊ လက်ရှိ သုံးသပ် ဝေဖန်သူ ဖြစ်နေတဲ့ ရွိုင်ကင်း ဟာ ကွင်းထဲက ကစားသမားတွေကို ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ပေမယ့် ဆိုးရှား ရဲ့ နည်းစနစ် အားနည်းမှု ၊ လူထုတ်ပုံတွေ ကိုတော့ ဝေဖန်တာ မရှိသလောက် ဖြစ်ခဲ့ ပါတယ် ။

အခုတဖန် ဆိုးရှား ဘက်ကနေ ကာကွယ် ပြောဆို လာသူကတော့ ဂယ်ရီ နဗီးလ် ပါ ။ တချိန်တုန်းက ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင် နဗီးလ် ကတော့ ရလဒ်တွေ ဆိုးရွားပြီး ဝေဖန်မှုတွေ ညံနေပေမယ့် ဆိုးရှား ကို ဘာကြောင့် မထုတ်ပယ်သင့် သေးလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလို ပြောပြ သွားခဲ့ ပါတယ် ။

“ဖိအားတွေက မန်ချက်စတာ ယူနိုက်တက် နည်းပြ အပေါ်မှာ တော်တော်လေး များနေ ပါပြီ ။ ဒါပေမယ့် အိုလေး ကို အခုထုတ်လို့ မရသေး ပါဘူး ။ သူ့ကို ထုတ်ပြီး ဘယ်သူ့ကို ခန့်မလဲ ? ဘုတ်အဖွဲ့မှာ အဖြေမရှိ သေးပါဘူး ။ သူတို့ အစကတည်းက အိုလေး နဲ့ ရေရှည်သွားမယ့် စီမံကိန်း ကို ရေးဆွဲ ထားကြတာပါ ။ CV ဖောင်မှာတော့ အိုလေး ထက် ပိုကောင်းတာကို မနက်ဖြန်မှာ ရချင် ရနိုင် ပါတယ် ။ ဒါပေမယ့် အလုပ် ဖြစ်မှာ မဟုတ်ပါဘူး”

“အတိတ်တုန်းကလည်း ဒါမျိုးတွေ ဖြစ်ခဲ့ ပြီးပါပြီ ။ ပိုကောင်းတဲ့ နည်းပြတွေက အမြဲ ရှိနေမှာပါ ၊ သူတို့ အခြား အသင်းတွေနဲ့ ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် လမ်းစဉ် နဲ့ မကိုက်ညီခဲ့ ကြပါဘူး ။ ဒါကြောင့် နည်းပြ တခုခု ကို နည်းပြသစ် ပြောင်းလိုက်တာက အလုပ်ဖြစ်တဲ့ ကိစ္စ မဖြစ်နိုင်ပါဘူး” လိ့ု နဗီးလ် က အသင်းဖော်ဟောင်း ဘက်ကနေ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနှစ် ပရီးမီးယားလိဂ် မှာ ၁၁ ပွဲ ကစားပြီးသည်အထိ နိုင်ပွဲ ၅ ပွဲ ၊ သရေ ၂ ပွဲ ရရှိထားပြီး ၄ ပွဲ ရှုံးနိမ့် ထားပါတယ် ။ ဒီကနေ့ညပွဲတွေ မကစားခင် အထိ ၁၇ မှတ် နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေ ပါတယ် ။ ဒါပေမယ့် ဒီညမှာသာ အာဆင်နယ် ၊ စပါး တို့ နိုင်သွားခဲ့မယ် ဆိုရင်တော့ အဆင့် ၇ နေရာ အထိ ဆင်းပေး ရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR