“ဆိုးရှား ကို ကိုယ်ချင်းစာပါတယ် ၊ ရိုနာဒို ကြောင့် သူ့ရဲ့ အစီအစဉ်တွေ အကုန်လုံး ပြောင်းလဲ လိုက်ရတာပါ” ပေါလ်မာဆွန်

လီဗာပူး ကစားသမားဟောင်း ကာရေဂါ ပြီးနောက် ၊ အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆွန် ကလဲ ရိုနာဒို ကြောင့် ဆိုးရှား ရဲ့ အစီအစဉ်တွေ အားလုံး ပြောင်းလဲ လိုက်ရတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

“ ဆိုးရှား အတွက် တကယ်ကို စိတ်မကောင်းဘူးဗျာ။ ဒီရာသီ မစတင်မီ အချိန်က သူ့မှာ တိကျတဲ့ အစီအစဉ်တွေ ရှိပြီးသားပါ။ မနှစ်က ဘောလုံးရာသီမှာ ဒုတိယ နေရာကနေ ပန်းဝင်ခဲ့တယ် ၊ ဒါကြောင့် ဆန်ချို ကို ကာလရှည် ချိတ်ဆက်ပြီး ရအောင် ခေါ်ပြခဲ့သလို ၊ ကာဗာနီ ကိုလဲ တစ်နှစ်စာချုပ် သက်တမ်းတောင် တိုးပေးခဲ့တာလေ။

သူ့ရဲ့ အစီအစဉ်တွေက ဘယ်လိုတုန်း ဆိုတာ ခင်ဗျားတို့ မြင်ခဲ့ကြမှာပါ။ ကာဗာနီ ကို မြှားဦးတိုက်စစ်မှာ ထားမယ် ၊ ဘေးက ရပ်ရှ်ဖို့ဒ် ၊ ဆန်ချို တို့နဲ့ ဝန်းရံထားပြီး ၊ မေဆွန် ဂရင်းဝုဒ် ကိုတော့ အလျဉ်းသင့်သလို အသုံးပြုသွားမယ်ပေါ့။ ဒီလို ချာတိတ်တွေ နဲ့ ပေါင်းစပ်ထားတာ တည်ငြိမ်မှုရော ၊ ပေါက်ကွဲအား အပြင် ၊ ဘောလုံး Skills ပိုင်းမှာလဲ အများကြီးကို ကြွယ်ဝကြပါတယ်။

ဒါပေမယ့် ဘောလုံးရာသီသစ်လဲ စတင်ရော ၊ သူ့မှာ ရိုနာဒို ကို မဖြစ်မနေ နေရာပေးဖို့ အကြောင်းဖန်လာပါတယ်။ ကျနော့် အမြင်မှာတော့ သူ့ရဲ့ အိုက်ဒီယာတွေ အားလုံးကို ပြောင်းလဲ ပစ်လိုက်ရမှာပါ။

ရိုနာဒို စပြီး ရောက်လာတဲ့ နေ့က စလို့ ယူနိုက်တက် ဟာ ပိုကောင်းတဲ့ အသင်းလိုက် စွမ်းဆောင်ရည်မျိုး မမြင်ရတော့ပါဘူး။

အဝေးကွင်း 29 ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ဆိုတာ အသင်းမှာ တိကျတဲ့ ကစားဟန်မျိုး ပိုင်ဆိုင်ထားခြင်း မရှိပဲနဲ့ ထွက်ပေါ်လာစရာ အကြောင်းကို မရှိပါဘူး။ အဲဒီလို အသင်းမျိုးမှာ ဆန်ချို ရောက်လာတယ် ဆိုတာ တန်ပြန်တိုက်စစ်ကို ပုံဖော်ဖို့ နောက်ထပ် လက်နက်ကောင်း တစ်ခု ပိုင်ဆိုင်လာသလိုပါပဲ။

ဒါပေမယ့် ရိုနာဒို ရောက်လာတော့ အဲဒီ လက်နက်ကောင်းက သုံးလို့ မရတော့ပါဘူး။ ဘရူနို ဖာနန်ဒက် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမားပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘောလုံးတောင် သိပ်ပြီး မထိရတော့ဘူးလေ။

 

သူတို့ဟာ ရိုနာဒို ကို လိုလိုချင်ချင် နဲ့ ယူဗင်တပ်ဆီ တိုက်ရိုတ် ဆက်သွယ်ပြီး ခေါ်ခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ဘက် မန်စီးတီး ဆီ ရောက်သွားမှာ စိုးလို့ ၊ မန်စီးတီး လိုချင်တဲ့ ဂိုးသွင်းစက်မျိုး ပိုင်ဆိုင်သွားမှာ စိုးရိမ်တဲ့ အတွက် ခေါ်ခဲ့တာပါ။

ရိုနာဒို ကလဲ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ လိုအပ်နေတဲ့ ကစားသမားမျိုး မဟုတ်ဘူးလေ။

 

ယူနိုက်တက်ဟာ ဆန်ချို ကို လွန်ချင်လွန်းလို့ တစ်ရာသီလောက် စောပြီးကို ခေါ်ယူဖို့ ချဉ်းကပ် ကြိုးစားခဲ့တာပါ။ တကယ်တမ်း ရောက်လာတော့ ပွဲထွက် ကစားသမားစာရင်းတောင် ထည့်သွင်းပေးနိုင်ခြင်း မရှိတော့ပါဘူး။ တချို့က ဆန်ချို ကို မလိုပဲနဲ့ ခေါ်တယ် ဆိုပြီး ပြောကြပါတယ်။ ဒါပေမယ့် ဆန်ချို ရဲ့ ကစားပုံဟာ ယူနိုက်တက် ရဲ့ တန်ပြန်တိုက်စစ် ပုံဖော်တဲ့ စတိုင်နဲ့ လုံး၀ ထပ်တူပါ။ အခုတော့ သူတို့ဟာ တန်ပြန် တိုက်စစ်လဲ မကစားတတ်တော့ပါဘူး။

အပြောင်းအရွှေ့ နောက်ဆုံး အချိန်က ကိစ္စရပ်တွေကြောင့် ဆိုးရှားရဲ့ အစီအစဉ်တွေဟာ လုံး၀ ကို ပြောင်းလဲ လိုက်ရပါတယ်။

ပြသနာ က တိုက်စစ်ကို အသားပေးလွန်းပြီး ကစားနေရတဲ့ အချက်ပါ။ ပရိသတ်တွေ က ရိုနာဒို ကို ချစ်ပါတယ်။ သူကလဲ စွမ်းဆောင်ပြနိုင်တယ်လေ။

တချို့ က ရိုနာဒို ဟာ သူ့အလုပ် ကို သူအကောင်းဆုံး လုပ်ပြနေတာ ဖြစ်တယ် ၊ သူ့ သွင်းဂိုးတွေသာ မရှိရင် ယူုနိုက်တက် က ဒီထက်တောင် ပိုဆိုးသွားနိုင် ဆိုပြီး ပြောကြပါတယ်။ ဒါပေမယ့် ယူနိုက်တက် လိုအပ်နေတဲ့ ကိုက် 20 အတွင်းမှာ ထိုင်ပြီး ဂိုးသွင်းရင်း အဆုံးသတ်ပြမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ယူနိုက်တက် လိုနေတာ က ချန်ပီယံ ဖလားတွေကို စိန်ခေါ်မယ့် အသင်းလိုက် ကျစ်လစ်တဲ့ ကစားဟန်မျိုးပါ။

ကျနော်က သူ့ကို လက်ညိုးထိုးနေတာ မဟုတ်ပါဘူး။ သူဟာ ယူနိုက်တက် ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို ၊ ဘောလုံး သမိုင်းထဲက အကောင်းဆုံး ကစားသမား တစ်ယောက် အဖြစ်လဲ ရပ်တည်သွားပါလိမ့်မယ်။

ကျနော် ပြောချင်တာ က ရိုနာဒို ရောက်လာမှပဲ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ ပိုပြီး ဝေးကွာသွားတယ် ဆိုတဲ့ အချက်ပါ။ ဒါကြောင့် ဒီအမှားက ဆိုးရှားကြောင့် မဟုတ်ပါဘူး။ ရိုနာဒို ကို ဆိုးရှား ခေါ်ယူခဲ့တာ မဟုတ်ပါဘူး။

ကျနော့် အမြင်မှာတော့ ဆိုးရှား ကို နောက်ဆုံး ဆုံးဖြတ်ချက် ရှိမယ့် အခွင့်အရေးမျိုး ပေးခဲ့သင့်တယ် ထင်ပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

SPORTS  MYANMAR