ဆိုးရှားရဲ့ နည်းပြအဖွဲ့၀င်တွေထဲမှာ မန်ယူနိုက်တက် ဂန္တ၀င် တစ်ဦးကို အားဖြည့်ရန် တိုက်တွန်းလိုက်တဲ့ ဟယ်ရီရက်နက်

 

စပါး နည်းပြဟောင်း ဟယ်ရီရက်နက်က အိုလီဂန်နာဆိုးရှား အနေနဲ့ သူ့ရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြအဖွဲ့၀င်တွေထဲမှာ ရွိုင်ကိန်းလို မာကျောခက်ထန်တဲ့ character ရှိတဲ့ လူမျိုးကို အားဖြည့်သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ခါးသီးပြိုင်ဘက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ စနေနေ့က စပါးကို ၃-၀ နဲ့ အဝေးကွင်းမှာ အနိုင်ယူကာ ပြန်လည် ရုန်းထွက်ခဲ့ ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ပြန်တက်လာခဲ့ပြီး ပြိုင်ပွဲစုံ ၉ ပွဲမှာ ၅ ပွဲထိ ရှုံးထားခဲ့ပြီးနောက် ဒီနိုင်ပွဲဟာ ဆိုးရှားကို ဖိအား အနည်းငယ် လျော့ကျစေခဲ့ပါတယ်။ ဒါပေမယ့်လည်း နော်ဝေး နည်းပြ အတွက် ခက်ခဲတဲ့ ပွဲစဉ်တွေက စောင့်ကြိုလျက် ရှိနေပြီး ဒီကြားရက်မှာ အတ္တလန်တာကို ဘာဂါမိုမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် အပြင် စနေနေ့မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ် နည်းပြဟောင်း ရက်နက်က ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ယူနိုက်တက်ကို တိုးတက်အောင် လုပ်ပေးခဲ့တဲ့ ဆိုးရှားရဲ့ လုပ်ဆောင်မှုတွေ အပေါ် ချီးကျူးလိုက်ပေမယ့် ယူနိုက်တက် နည်းပြ အနေနဲ့ ရွိုင်ကိန်းလို လူမျိုးကို သူ့ရဲ့ နည်းပြအဖွဲ့၀င်ထဲမှာ အားဖြည့်လိုက်ရင် ပုံမှန်စွမ်းဆောင်ရည်အောက်ကို ရောက်နေတဲ့ ဒီလူစာရင်းကို ပိုမို ကိုင်တွယ်ရတာ လွယ်ကူသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ရက်နက်က “မန်ချက်စတာယူနိုက်တက်မှာ အိုလီ့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး pundit တွေ ပြောကြတာကို နားထောင်ရတာ စိတ်၀င်စားဖို့ ကောင်းပါတယ်။ ကျွန်တော် ဂရေမီဆောင်းနက်ရဲ့ စကားကို ထောက်ခံပါတယ်။ ဆိုးရှားဟာ အကူအညီ အနည်းငယ် လိုအပ်နေပါတယ်။ သူ့ရဲ့ staff တွေဟာ စွမ်းဆောင်ရည် မကောင်းဘူးလို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ အတော် နှုတ်နည်းပြီး အေးဆေးတဲ့ အုပ်စုလို့ ကျွန်တော် မြင်ပါတယ်။

ကျွန်တော် မိုက်ကယ်ကားရစ်ကို ကောင်းကောင်း သိပါတယ်။ ကျွန်တော် သူ့ကို နှစ်သက်ပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ဘောလုံးသမား ဖြစ်ပြီး အရမ်းကောင်းတဲ့လူပါ။ ဆိုးရှားကို ကောင်းမွန်တဲ့ လူတွေက ၀န်းရံထားပါတယ်။ တစ်ခါတစ်ရံ နောက်ထပ် အကူအညီ ဖြစ်စေမယ့်လူ ၀င်လာတာကို မကြောက်ရွံ့သင့်ပါဘူး။ ဒါဟာ နည်းပြကိုကော အသင်းကိုပါ အကူအညီ ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်ကတော့ ဆိုးရှား အနေနဲ့ လက်ရှိ လူတွေနဲ့ မတူညီတဲ့ character ကို ပိုင်ဆိုင်ထားတဲ့ သူကို သူ့ရဲ့ အုပ်စုထဲ ထည့်လိုက်မယ် ဆိုရင် အကူအညီ ဖြစ်စေမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆိုးရှားဟာ ကွင်းဘေးစည်းမှာ အထီးကျန် နေခဲ့သလို ပါပဲ။ ကျွန်တော်သာ ဆိုရင် မန်ယူနိုက်တက် အသင်းထံ ဘယ်သူ့ကို ခေါ်ယူသွားမယ် ထင်သလဲ? အားလုံး ကတော့ ဒါဟာ ရူးမိုက်တဲ့ အိုင်ဒီယာလို့ ထင်နေကြမှာပါ။ ဒါပေမယ့် ကျွန်တော် ကတော့ ရွိုင်ကိန်းကို ခေါ်ယူ သွားမှာပါ။ ကျွန်တော်သာ အိုလီ့ရဲ့ နေရာမှာ ဆိုရင် ရွိုင်ကိန်းကို ခေါ်ယူသွားမှာ ဖြစ်ပြီး သူဟာ ပြသနာ တစ်ချို့ကို ဖြေရှင်းပေးနိုင်မှာပါ။” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ရက်နက်က “ယူနိုက်တက် ကစားသမား ၁ ဦး ၂ ဦးရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို နိမ့်ကျနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအသင်းရဲ့ ပြေးလွှားမှု နဲ့ challenge stats တွေကို ကြည့်လိုက်မယ် ဆိုရင် ဇယားရဲ့ အောက်ဆုံး နေရာလောက်မှာ ရှိနေပါတယ်။ ရွိုင်ကိန်းလို လူမျိုး ရောက်လာခဲ့မယ် ဆိုရင် ‘pressing တွေ နည်းစနစ်တွေကို မေ့ပစ်လိုက်ပါ။ ဘောလုံး ဆုံးရှုံးတဲ့အခါမှာ အသားကုန် ပြေးလိုက်ပြီး ဖျက်ထုတ်မှုတွေ လုပ်ပါ’ လို့ ပြောသွားမှာပါ။

ဒါဟာ အခြေခံပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ နည်းစနစ်တွေ အိုင်ဒီယာတွေကိုပဲ အာရုံစိုက်နေကြ ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အကြီးမားဆုံး ပြသနာက သူတို့ဟာ လုံလောက်တဲ့ ကြိုးစား အားထုတ်မှု မရှိတာ အသိသာကြီး ဖြစ်ပါတယ်။ ကစားသမားတွေ အနေနဲ့ ဘောလုံး ရှိချိန်မှာကော ဘောလုံး မရှိချိန်မှာပါ အပြင်းအထန် ကြိုးစား သွားရပါမယ်။” လို့ ဆိုသွားပါတယ်။

SM