ဆရာဖြစ်သူ အာဆင်ဝင်းဂါး ကို အာဆင်နယ် အသင်းထံ ပြန်လာစေချင်တဲ့ အာတီတာ

အာဆင်နယ် အသင်း ရဲ့ နည်းပြ မီခေးလ် အာတီတာ ဟာ သူ့ရဲ့ ဆရာဖြစ်သူ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကို အသင်းထံ ပြန်လာစေချင်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ပြင်သစ် လူမျိုး နည်းပြ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ နည်းပြ ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၇ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။

အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အာဆင်ဝင်းဂါး ဟာ လက်ရှိ အချိန်မှာ ဖီဖာရဲ့ ကမ္ဘာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ် ။ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ် အသင်းကနေ ထွက်ခွာ ပြီးကတည်းက တရားဝင် ပြိုင်ပွဲတွေမှာ ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိတော့ပါဘူး ။

“သူ(အာဆင်း) က အသင်းကို အခြား အသင်းတွေနဲ့မတူကွဲပြားတဲ့ အသင်း ဖြစ်အောင် တည်ဆောက် ခဲ့သူပါ ၊ ကျွန်တော် ကိုယ်တိုင်လည်း သူလုပ်ပြခဲ့သလိုမျိုး လုပ်ပြချင်စိတ် ရှိပါတယ် ။ ” လို့ အာတီတာ က အစချီ ပြောကြား ခဲ့ပါတယ် ။

” သူ(အာဆင်း) ကို အသင်းမှာ ရှိနေစေချင်ပါတယ် ၊ ကစားသမားတွေကလည်း သူ့ကို ချစ်ခင်ကြပါတယ် ၊ သူ အသင်းမှာ ရှိနေတာက ကစားသမားတွေ အတွက် အကျိုးရှိသလို စိတ်အား တက်ကြွမှုလည်း ဖြစ်စေမှာ အမှန်ပါပဲ ၊ ကလပ် အတွက်လည်း ကြီးမားတဲ့ မြှင့်တင်မှု တစ်ခု ဖြစ်စေမှာပါ ။ ”

” သူ့ကို အသင်းကနေ အမြဲတမ်း ကြိုဆိုနေကြောင်း ကျွန်တော်ပြောဖြစ်ပါတယ် ၊ တစ်ခါတစ်လေ မှာတော့လည်း အချိန်ယူဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ် ၊ အသင်းမှာ အနှစ် ၂၀ ကြာ နေခဲ့ရတော့ သူ့မှာ ခံစားချက် ကြီးကြီးမားမား ရှိနေမှာပါ ၊ ဒါကြောင့် အသင်းနဲ့ အနည်းငယ် ခပ်ခွာခွာ နေဖို့ လိုနေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ၊ သူ အသင်းမှာ ရှိနေရင် အားလုံးအတွက် အကျိုးရှိမှာ အသေအချာပါပဲ ။ ”

ဆက်လက်ပြီး အာတီတာ က သူ နည်းပြဖြစ်လာတာဟာ ဆရာဖြစ်သူ အာဆင်ဝင်းဂါးကြောင့် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။ ” ကျွန်တော့်ဆီမှာ သူ့ရဲ့ ကျေးဇူးတွေက အများကြီးပါပဲ ၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့မှာ ဒီနေရာကို ရောက်လာမှာ မဟုတ်သလို အာဆင်နယ် မှာ ကစားခဲ့ရတဲ့ အချိန်တွေကို နှစ်သက် သဘောကျမိမှာ မဟုတ်ပါဘူး ။ ”

” သူက ကျွန်တော် မန်နေဂျာ ဖြစ်လာခြင်းရဲ့ အကြောင်းအရင်းပါပဲ ၊ ၁၀၀ % ပါ ၊ ကျွန်တော်က အခု အသက်ငယ်ပါသေးတယ် ၊ ကျွန်တော့်မှာ ကိုယ်ပိုင် အတွေးအခေါ်လည်း ရှိပါတယ် ၊ ဒါပေမယ့် ပွဲတစ်ပွဲကို လေ့လာ ချဉ်းကပ်ရာမှာ သူ့ဆီကနေ အတုယူ ခဲ့ရတာတွေလည်း ရှိပါတယ် ။ ”

” ကစားသမားတွေ အတွက် ဘောလုံး အသင်း တစ်သင်းဟာ ဘယ်လောက်အထိ အဓိပ္ပာယ် ရှိသလဲ ဆိုတာ အာဆင်း က ပြသပေးခဲ့တာပါ ။ သူက ကျွန်တော့်ကို မေးခွန်းတွေ အများကြီး ပေးခဲ့ပါတယ် ၊ သူ့ကြောင့်ပဲ နည်းပြ အလုပ်ကို သေချာလေ့လာပြီး ဇောက်ချ လုပ်ဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM