စိတ်ပျက်စရာကောင်းတဲ့ သရေပွဲအပြီး ပြိုင်ဖက် ဘန်လေကို ပုတ်ခတ် ပြောဆိုလိုက်တဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်မှာ အဆင့် ၁၈ နေရာမှာ နိုင်ပွဲ တပွဲသာ ရထားသေးတဲ့ ဘန်လေ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားခဲ့ရပြီး ၊ သက်တောင့်သက်သာနဲ့ အနိုင်ရမယ်လို့ ထင်ထားခဲ့ပေမယ့် ၊ စိတ်ပျက်စရာ တဖက် တဂိုးစီ သရေ ရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ ပြိုင်ဖက် ဘန်လေကို တဖက်သတ် ဖိကစားပြီး ၊ ဘောလုံး ပိုင်ဆိုင်မှုနဲ့ အခွင့်အရေး ဖန်တီးမှု ပြတ်ပြတ်သားသား အသာစီး ယူထားနိုင်ခဲ့ပေမယ့် ၊ အဆုံးသတ် အားနည်းမှုနဲ့ ပြိုင်ဖက်ကို အထင်သေးကာ ၊ သတိပေါ့လျော့ခဲ့မှုတွေကြောင့် အခုလို အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

ဘရန်းဖို့ဒ်လို ကစားပုံကောင်းကောင်းနဲ့ ပြန်ဖိကစားတဲ့ အသင်းနဲ့ သရေကျခဲ့တယ် ဆိုရင် လက်ခံဖွယ်ရာ ရှိတယ် ဆိုပေမယ့် ၊ ဘန်လေလို ခံစစ်အားပြုပြီး ကိုယ့်ကို အနိုင်ယူဖို့ အခွင့်အရေး အများကြီး ပေးထားတဲ့ ပြိုင်ဖက် တသင်းနဲ့ ရင်ဆိုင်တဲ့ နေရာမှာတော့ နိုင်ပွဲနဲ့ ဝေးခဲ့ခြင်းဟာ ပိုပြီး နစ်နာစရာ ကောင်းခဲ့ပါတယ် ။

ချဲလ်ဆီး အတွက် ဒီပွဲမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ False 9 နေရာမှာ ကစားပေးတဲ့ ဂျာမန် ကြယ်ပွင့် ကိုင်ဟာဗက်ဇ် က ဘန်လေ ဟာ ဘောလုံး ကစားဖို့ ရောက်လာတဲ့ အသင်း မဟုတ်ကြောင်း ဝေဖန်ရင်း ၊ ၄င်းတို့ တမှတ်ပဲ ရခဲ့တာ ကံဆိုးခဲ့တယ်လို့ ထင်တဲ့အကြောင်း ထပ်ဆောင်း မှတ်ချက် ပေးခဲ့ပါတယ် ။

ပွဲပြီး အင်တာဗျူးမှာ ဟာဗက်ဇ် က ” ဒီနေ့ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံ အရမ်း ကောင်းခဲ့ပါတယ် ။ ဘန်လေ ဟာ ဘောလုံး ကစားလေ့ရှိတဲ့ အသင်း မဟုတ်တာ ကျွန်တော်တို့ သိထားပြီးသားပါ ။ အခွင့်အရေး တကြိမ်ကနေ သူတို့ ဂိုးသွင်းနိုင်ခဲ့တာ မှန်ပါတယ် ။ ”

” ကျွန်တော်တို့ဖက်ကတော့ အခွင့်အရေး အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ၊ တဂိုးပဲ သွင်းနိုင်ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော်တို့ ကြီးမားတဲ့ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ ဒါက စိတ်ပျက်စရာကောင်းပါတယ် ။ ”

” ရှေ့မှာ ပြောခဲ့သလိုပါပဲ ။ ကျွန်တော်တို့ရဲ့ ဒီနေ့ ကစားပုံ က အရမ်းကောင်းခဲ့ပေမယ့် ၊ တခါတလေ ဘောလုံးမှာ ဒါမျိုး ဖြစ်တတ်တာကြောင့် ၊ ဒီနေ့ ရလဒ်ကို လက်ခံရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အဆုံးသတ် စွမ်းဆောင်ရည် ပိုတိုးတက်အောင် ကြိုးစားဖို့ မဖြစ်မနေ လိုအပ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ မနေ့ညကပွဲမှာ ဒုတိယမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ရခဲ့တာ ဖြစ်ပြီး ၊ အမ်းဖီးလ် က သွင်းဂိုး အပြီး ၊ ၃လဝန်းကျင် ကြာခဲ့ပြီးမှ ရခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ် ။ ဒီဂိုး မတိုင်မီ ဟာဗက်ဇ် ဟာ ဘန်လေ နောက်ခံလူ ဘန်မီးရဲ့ တွန်းပို့မှုကြောင့် မက်သယူး ဟာဒင် ပွဲကြည့်စင် နေရာသို့ အရှိန်လွန်ကာ ပြုတ်ကျခဲ့ရပါတယ် ။

ဒါဟာ ဒဏ်ရာတော့ ဖြစ်မသွားခဲ့ပေမယ့် ၊ ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဟာဗက်ဇ် က ရှင်းလင်း ပြောဆိုခဲ့သလို ၊ international break အပြီးမှာ ပိုကောင်းတဲ့ ပုံစံတွေနဲ့ ပြန်လာဖို့ကို အသင်းဖော်တွေထံ တိုက်တွန်းသွားခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ပွဲကြည့်စင်ထဲ ပြုတ်ကျခဲ့တာကြောင့် နာကျင်မှု ကြီးကြီးမားမား ခံစားခဲ့ရပေမယ့် ၊ ကွင်းထဲ ပြန်ဝင်ပြီး ၊ ပြေးလွှား ကစားဖို့ လိုအပ်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ် ။ တခါတလေ ပွဲတပွဲမှာ ကစားရင်းနဲ့ ဒီနာကျင်မှုတွေက ပျောက်သွားတတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ ဒီတော့ အဆင်ပြေခဲ့တယ်ပဲ ပြောရမှာပါ ။ ”

” ဘန်လေကို အိမ်ကွင်းမှာ သရေပဲ ကစားနိုင်ခဲ့တာ က ကျွန်တော်တို့ အတွက် အကောင်းဆုံး နေ့ရက် တရက် မဟုတ်ခဲ့တာတော့ သေချာပါတယ် ။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေက ခြေစွမ်းနဲ့ ရလဒ်က ကျွန်တော်တို့ကို ကျေနပ်မှု ပေးစေမှာပါ ။ အဲဒီပွဲတွေမှာ ကျွန်တော်တို့ ကစားပုံ ကျကျနနနဲ့ ကစားနိုင်ခဲ့သလို ၊ အားထုတ်မှု အပြည့် ပေးခဲ့ပါတယ် ။ ”

” နိုင်ငံပွဲတွေ အပြီးမှာ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာဖို့ လိုသလို ၊ ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ ၊ ဒီနေ့ပွဲကနေ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေကို သယ်ဆောင်ပြီး ၊ ရှေ့ဆက်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR