စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်မှု မရှိသေးတဲ့ကြားက ၊ ချဲလ်ဆီး ပရိသတ်တွေထံ အသိပေး မက်ဆေ့ခ်ျ တခု ပေးပို့ခဲ့တဲ့ ရူဒီဂါ

 

ချဲလ်ဆီး အသင်း ဟာ အားထားရတဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ကို ယခုနှစ် ဘောလုံး ရာသီ မကုန်မီမှာ နှစ်ရှည် စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားလျက် ရှိနေပေမယ့် ၊ ကစားသမား ဖက်က ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်သေးတာကြောင့် စာချုပ်သစ် ကိစ္စ နှောင့်နှေးလျက် ရှိပါတယ် ။

ရူဒီဂါ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်မှာမှ ချဲလ်ဆီး နည်းပြ ဖြစ်လာခဲ့တဲ့ သောမတ်စ် တူချယ် လက်ထက်မှာမှ ပုံမှန် ကစားခွင့် ပြန်ရခဲ့တာ ဖြစ်ပြီး ၊ ယခင် နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက်မှာ အရန် စာရင်း အတွက်ပင် ပါဝင်ခွင့် မရခဲ့တဲ့ အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ် ။

ဒီအတွက်ကြောင့် တူချယ် မရောက်လာခင် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာပင် ရူဒီဂါ ဟာ တခြား ဥရောပ အင်အားကြီး ကလပ် တသင်းသင်းသို့ ရောက်သွားပြီလို့တောင် ယူဆခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့် ရူဒီဂါ ဟာ အဆုံးမှာ တူချယ် ရောက်ရှိလာမှုနဲ့ အတူ ချဲလ်ဆီးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ထိုမတိုင်ခင် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံး အပတ် အတွင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်းသို့ ရူဒီဂါ တယောက် အငှား ထွက်ကစားဖို့ နီးစပ်မှု ရှိခဲ့ပါတယ် ။ အတိတ် က ဒီလို အကြောင်းအရာတွေကြောင့် ရူဒီဂါ ဟာ ယခု တကြိမ် စာချုပ်သစ် ကမ်းလှမ်းကို လေးလေးနက်နက် ထားပြီး စဉ်းစားလာပါတယ် ။

ဒါ့အပြင် လစာ ကိစ္စ ညှိနှိုင်းမှုမှာလည်း ရူဒီဂါ ဟာ တပတ်လုပ်ခ ပေါင် ၂သိန်း အထိ အလိုရှိပေမယ့် ၊ ချဲလ်ဆီး ကတော့ လက်ရှိ ၄င်း ရရှိနေတဲ့ ပေါင် ၁၂၀၀၀၀ ထက် ၄သောင်းသာ ပိုတဲ့ ပေါင် ၁၆၀၀၀၀ နဲ့သာ ကမ်းလှမ်းထားတယ်လို့ လန်ဒန် အခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ် ။

တဖက်မှာ ရူဒီဂါ ဟာ စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ခဲ့ရင် ၊ ဒီရာသီ အကုန် free agent ကစားသမား ဖြစ်လာနိုင်ပြီး ၊ လက်ရှိမှာလည်း ဥရောပ ထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် နဲ့ ပီအက်စ်ဂျီ အသင်းတွေရဲ့ စိတ်ဝင်စားမှု ကို ရရှိနေပါတယ် ။

ကာယကံရှင် ဖြစ်သူ ရူဒီဂါ ကတော့ စာချုပ်သစ် ကိစ္စ အတွက် ၄င်းနဲ့ ကလပ် အကြား ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သလို ၊ ချဲလ်ဆီး ပရိသတ်တွေကိုလည်း သူဟာ အသင်းမှာ ကစားရတာ ပျော်ရွှင်နေတဲ့ အကြောင်းကိုလည်း မက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ် ။

The Guardian သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ရူဒီဂါ က ” အရေးကြီးဆုံး အရာ က ကျွန်တော် ဒီမှာ ပျော်ရွှင်နေတယ်လို့ ခံစားရဆဲ ဖြစ်ပါတယ် ။ လူတွေက ကျွန်တော့ကို ကြည့်လိုက်တဲ့ အခါတိုင်း ၊ ဒီအသင်း အတွက် ကစားပေးရတာ ပျော်ရွှင်နေတယ် ဆိုတာ မြင်တာနဲ့ သိနိုင်ကြမှာပါ ။ ”

” စာချုပ်သစ် ကိစ္စ အကြောင်းနဲ့ စပ်လျဉ်းပြီး ပြောရရင် ကလပ်နဲ့ ကျွန်တော် ဆွေးနွေးမှုတွေ ဆက်လက် လုပ်နေဆဲ ဖြစ်ပါတယ် ။ တခြား ဘာကောလဟလမှ မယုံဖို့ ကျွန်တော် ပြောနေတာပါ ။ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲ ပြီးဆုံးကတည်းက ကျွန်တော့ရဲ့ အေးဂျင့်နဲ့ ကလပ်ဒါရိုက်တာ မာရီနာ ( ဂရာနော့ဗ်စကီးယား ) တို့ စာချုပ်သစ် အတွက် စတင် ဆွေးနွေးခဲ့ကြပါတယ် ။ ”

” အခြေအနေ အတိုင်းအတာ တခု တရပ် အထိ ကျွန်တော်တို့ ရောက်နေပြီ ဖြစ်သလို ၊ အပြင်မှာ ထွက်နေတဲ့ ခန့်မှန်း ပြောဆိုမှုတွေကိုလည်း ကျွန်တော့ဖက်က ဘာမှ လုပ်ပေးလို့ မရပါဘူး ။ ဒါဟာ ကျွန်တော့စိတ်ထဲမှာ မရှိနေပါဘူး ။ လက်ရှိ လုပ်နေတဲ့ အရာ အပေါ်မှာပဲ ကျွန်တော် အာရုံစိုက်နေပါတယ် ။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော် မနက် အိပ်ယာက ထတိုင်း စဉ်းစားတဲ့ အရာ ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နောက်ပိုင်း ထွက်လာတဲ့ သတင်း အရ ချဲလ်ဆီး အသင်း ဟာ ရူဒီဂါ အပြင် အခြား ခံစစ်မှူး တဦး ဖြစ်တဲ့ ခရစ်တန်ဆန် ကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နှောင့်နှေးလျက်ရှိနေတာကြောင့် ၊ ဆီဗီးလား နောက်ခံလူ ဂျူးလ်စ် ကွန်းဒေးနဲ့ ယူဗင်တပ် နောက်ခံလူ မာသစ် ဒီလစ်တို့ကို စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

SPORTS MYANMAR