စမစ်ရို ရဲ့ အင်္ဂလန် ပွဲဦးထွက် ခြေစွမ်းကို ချီးကျူးလိုက်ကြတဲ့ အသင်း ခေါင်းဆောင် ဟယ်ရီကိန်း နဲ့ နည်းပြ ဆောက်ဂိတ်

အာဆင်နယ် အသင်းရဲ့ လူငယ် ကြယ်ပွင့် အမ်မလီ စမစ်ရို ဟာ ယနေ့ နံနက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

အင်္ဂလန် အသင်းက ဆန်မာရီနို အသင်းကို ၁၀ ဂိုးပြတ် အနိုင် ရတဲ့ ပွဲမှာ စမစ်ရို ဟာ တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီး ပေးနိုင်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ် အထိ ကစားခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် နဲ့ အသင်း ခေါင်းဆောင် ဟယ်ရီကိန်း တို့ဟာ စမစ်ရို ကို ချီးကျူး စကားဆို ခဲ့ကြပါတယ် ။

ဟယ်ရီကိန်း က ” သူ(စမစ်ရို) က ဒီရာသီမှာ အံ့ဖွယ် စွမ်းဆောင်ရည်တွေကို ပြသ နေတာပါ ၊ သူ အင်္ဂလန် အသင်းကြီး အတွက် ကစားခွင့် ရပြီး ဂိုးပါ သွင်းနိုင် ခဲ့တာ သိပ်ကောင်းပါတယ် ၊ သူ့မှာ အရည်အသွေးကောင်းတွေ ရှိနေပါတယ် ။ ”

” သူ့အနေနဲ့ ရှေ့လျှောက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အပြင်းအထန် ကြိုးစားဖို့တော့ လိုအပ်ပါတယ် ။ သူ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေတာတော့ အသေအချာပါပဲဗျာ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

အင်္ဂလန် အသင်း နည်းပြ ဆောက်ဂိတ် ကလည်း ” အမ်မလီ ကျနော်တို့နဲ့ လာရောက် ပူးပေါင်းတဲ့ ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ သူ့ဆီက ကောင်းမွန်တဲ့ အရာတွေကို မြင်တွေ့ ခဲ့ရပါတယ် ၊ သူ့ရဲ့ ပွဲကို ထိန်းချုပ် ကစားပုံက သိပ်ကောင်းပါတယ် ၊ သူက ဆန်းသစ် တီထွင်ပြီး ကစားတတ်သူပါ ၊ သူလုပ်ပြနေတဲ့ အရာတွေကို ဆက်လ​က် လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အပေါ် စမစ်ရို က ” အရိုးသားဆုံး ပြောရရင် ကျွန်တော် အရမ်းပျော်ပါတယ် ၊ ဒါပေမယ့် အဓိကက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ပါ ၊ ဒီအရာကို ဒီနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ် ။ ”

” ဘူကာရို က ဘောလုံး ဖြတ်တင် ပေးလိုက်ပြီး တမ်မီ က နောက်ပေါက်နဲ့ ပြန်ချ ပေးလိုက်တာကို ကျွန်တော် ပြေးဝင် ပိတ်သွင်းခဲ့တာလို့ ထင်ပါတယ် ။ ကျွန်တော့်အတွက် အိပ်မက်ဆန်တဲ့ အခိုက်အတန့်ပါပဲ ၊ မိဘတွေ ကျွန်တော် ကစားတာကို ကွင်းထဲမှာ ကြည့်ခွင့် မရတာတော့ စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် သူတို့ ဂုဏ်ယူနေကြမှာပါ ။ ”

” အဝေးကွင်းမှာ ကစားရတဲ့ ပွဲမှာ ကျွန်တော် အများကြီး သင်ယူခွင့် ရခဲ့ပါတယ် ၊ အခုလို ကစားခွင့် ရတဲ့အတွက် အများကြီး ကျေးဇူး တင်ပါတယ် ၊ ကျွန်တော် ရှေ့လျှောက် ဆက်လက် ကြိုးစားသွားဦးမှာပါ ။ ” လို့ ဆိုပါတယ် ။

ဒါ့အပြင် စမစ်ရို ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အသင်း နဲ့ အတူ ပါဝင် ကစားဖို့ဟာ သူ့ရဲ့အိပ်မက် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။

SM