စပိန် ရဲ့ ခြေစစ်ပွဲအောင်မှုအတွက် နည်းပြ အန်နရီကေး ကို ချီးကျူးလိုက်တဲ့ ဂျော်ဒီအယ်လ်ဘာ

စပိန် လက်ရွေးစင် နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ ဟာ မနေ့ ညက ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင် ခဲ့တဲ့ လက်ရွေးစင် အသင်း နည်းပြ လူးဝစ် အန်နရီကေး ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

စပိန် ဟာ အုပ်စု နောက်ဆုံး ပွဲမှာ အနီးကပ်ဆုံး ပြိုင်ဘက် ဆွီဒင် ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရ ပါတယ် ။

စပိန် ဟာ သရေ ကျရုံ နဲ့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာ ဖြစ်ပြီး ၈၆ မိနစ် မှာတော့ အယ်ဗာရို မိုရာတာ က စပိန် အတွက် အနိုင် ဂိုးကို လူစားဝင်လာပြီး သွင်းယူ သွားခဲ့တာကြောင့် လက်ကျန် မိနစ်တွေကို အပူပင် ကင်းစွာ နဲ့ ဖြတ်သန်းကာ ခြေစစ်ပွဲ အောင်မြင် ခဲ့ပါတယ် ။

စပိန် ဟာ အတောင့်တင်းဆုံး လူစာရင်း ကို ပွဲမထုတ် နိုင်ခဲ့ ပေမယ့်လည်း ခြေစစ်ပွဲ အောင်မြင်ဖို့တော့ လုံလောက်မှု ရှိခဲ့ ပါတယ် ။

ဂျော်ဒီ အယ်လ်ဘာ ကတော့ ခြေစစ်ပွဲ ကာလ တလျောက် အသင်းကို ကောင်းစွာ ကိုင်တွယ် ခဲ့တဲ့ နည်းပြ အန်နရီကေး ကို ချီးကျူး ပြောဆို လိုက်ပြီး ကမ္ဘာ့ဖလား အတွက် စိတ်ကူး ယဉ်နေပါပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူ ( အန်နရီကေး ) အသင်းကို ပေးချင်တဲ့ အယူအဆ ၊ ေြ့ပာင်းလဲလိုတဲ့ ပုံစံတွေကို အားလုံး နားလည်အောင် ချပြ နိုင်ခဲ့ ပါတယ် ။ ကစားသမားတွေ နဲ့ ဆက်ဆံရေး ကလည်း အရမ်းကောင်းခဲ့တာပါ ။ ဒါက တကယ် အရေးပါခဲ့ ပါတယ် ။

သူ နဲ့ အတူ ရှိနေချိန်မှာ မိနစ်တိုင်း စက္ကန့်တိုင်းမှာ သတိမပြတ်ဘဲ ရှိနေတတ်အောင် သင်ပြ ပေးခဲ့ပါတယ်”

“သူက တကယ့်ကို မျှမျှ တတ ရှိတဲ့ နည်းပြ တယောက်ပါ ၊ လူတိုင်းကို အခွင့်အရေး တန်းတူ ပေးနိုင်အောင် ကြိုးစားနိုင်ခဲ့ ပါတယ် ။

ဒီည ကတော့ တကယ်ကောင်းမွန်တဲ့ ညတည ပါပဲ ။ ခြေစစ်ပွဲ ဖြတ်သန်း လာတဲ့ ကာလ တလျောက်မှာ ဆိုးရွားတဲ့ အချိန်တွေ ရှိခဲ့ ပေမယ့် နောက်ဆုံး မှာတော့ ကျွန်တော်တို့တွေ ပျော်ရွှင် နိုင်ခဲ့ ပါပြီ” လို့ အယ်လ်ဘာ က ပြောဆို သွားခဲ့ ပါတယ် ။

စပိန် ဟာ ဆွီဒင် ကို အနိုင် ကစား ခဲ့တာကြောင့် အုပ်စု ဘီ မှာ ၁၉ မှတ် နဲ့ အုပ်စု ပထမ နေရာ ကို ရယူ နိုင်ခဲ့ပြီး ကာတာ နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ဝင်ရောက်ခွင့် ရရှိ သွားခဲ့ ပါတယ် ။

ကာတာ ရဲ့ ပူပြင်းတဲ့ နွေရာသီကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၀၂၂ နိုဝင်ဘာ မှသာ စတင် ကျင်းပမှာ ဖြစ်တာကြောင့် စပိန် အနေနဲ့ ပြင်ဆင်ဖို့ အချိန် ၁ နှစ်နီးပါး ရရှိ ဦးမှာ ဖြစ်ပါတယ် ။

စပိန် ဟာ လာမယ့် ၂၀၂၁ ၊ နှစ်သစ် က စတင်ပြီး ခြေစမ်းပွဲတွေ တောက်လျောက် ကစားကာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပါဝင် မယ့် လူတွေကို စတင် ရွေးချယ်တော့မှာပဲ ဖြစ်ပါတယ် ။

စပိန် ဟာ ၂၀၁၀ ခုနှစ် မှာ ကမ္ဘာ့ဖလား ကို ရယူ ဆွတ်ခူး ထားနိုင်ခဲ့ပြီး ဆယ်နှစ်ကျော် ဝေးကွာ ခဲ့ပြီ ဖြစ်တဲ့ အောင်ပွဲ ကို နောက်တဖန် ပြန်လည် ရယူ နိုင်ဖို့ မျှော်မှန်းချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR