စပါး ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေမယ့် အန်တိုနီယို ကွန်တီ ရဲ့ လူသိနည်းတဲ့ထိပ်တန်း အရည်အသွေး ၃ ခု

နူနို ဆန်းတိုစ့် ကို ခန့်အပ်မှု ဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ သမိုင်းမှာ ကြီးမားတဲ့ လွဲချော်မှု တခု ဖြစ်စေခဲ့ ပါတယ် ။ ဝုဗ် ကို ပရီးမီးယားလိဂ် မှာ အဆင့်တခုရောက်အောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ပေါ်တူဂီသားကြီးဟာ တော့တင်ဟမ် ဟော့စပါး နဲ့ ကိုက်ညီခြင်း မရှိခဲ့ ပါဘူး ။

ဒါကြောင့် ဆိုးရွားမှုတွေ ကနေ အဆိုးဆုံး အရာတွေ ဖြစ်မလာခင် မှာ နူနို ကို ဖယ်ရှားပြီး လုပ်သင့် လုပ်ထိုက်တဲ့ အရာတခု ကို စပါး အကြီးအကဲ လီဗိုင်း နဲ့ ဒါရိုက်တာ ပါရာတစ်ချီ တို့ လုပ်ခဲ့ကြပါတယ် ။

အဲ့ဒါကတော့ အန်တိုနီယို ကွန်တီ ကို ခေါ်ယူ ခန့်အပ် လိုက်တာပါပဲ ။

အင်တာ နဲ့ နွေရာသီတုန်းက လမ်းခွဲ ခဲ့တဲ့ ကွန်တီ ဟာ အဲ့ဒိ အချိန်ကတည်းက စပါးရဲ့ ချိတ်ဆက်မှုကို ရခဲ့တာပါ ။ ဒါပေမယ့် အီတလီနည်းပြကြီး က အနားယူဖို့ လိုအပ်နေသေးတယ်လို့ ဆိုပြီး ငြင်းခဲ့ ပါတယ် ။

ဒီတကြိမ် မှာတော့ ကွန်တီ တယောက် မငြင်းတော့ပါဘူး ။ ယူဗင်တပ် မှာ အတူ လက်တွဲ ခဲ့တဲ့ ဖာဘီယို ပါရာတစ်ချီ ရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ တော်တော်လေး အရေးပါခဲ့ပုံပါပဲ ။

ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကွန်တီ စပါး ကို ရောက်လာပါပြီ ။ လေ့ကျင့်ခန်းတွေကို စတင်ကြီးကြပ် ခဲ့သလို မနေ့ညက ကွန်းဖရန့် လိဂ် ပွဲကိုတောင် စတင် တာဝန်ယူခဲ့ ပါပြီ ။ ဒါပေမယ့် အသင်းကို ချက်ချင်းကြီး ခြုံကြားကနေ ဘုံဖျားကို ဆွဲတင်ဖို့ ကတော့ ဖြစ်နိုင်ဖို့ ခဲယဉ်းမှာပါ ။ အချိန်တခုတော့ ပေးရဦးမှာပါ ။

ဖြတ်သန်း ခဲ့တဲ့ သမိုင်း တလျောက် မှာ ကွန်တီ ဟာ ရောက်လေရာ အသင်းတိုင်းလိုလို မှာ အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ခဲ့တာကြောင့်လည်း ၂၀၀၉ ကတည်းက ဖလား မရတော့တဲ့ တော့တင်ဟမ် ဟော့စပါး ကို အသက်သွင်း ပေးနိုင်မလားဆိုတာ သိလိုစိတ် ပြင်းတဲ့ မေးခွန်းတခု ဖြစ်နေတာ အဆန်းမဟုတ်ပါဘူး ။

ဒါကြောင့် အားလုံးက ဇန်နဝါရီ မှာ ကွန်တီ ဘယ်လို လှုပ်ရှားမလဲ ဆိုတာ ကို စိတ်ဝင်စားနေကြပါတယ် ။

ကွန်တီ ရဲ့ အရည်အသွေးကောင်းတွေ ဟာ ၃-၅-၂ တခုတည်း မဟုတ်ပါဘူး ။ ကွင်းအတွင်းမှာ ဗျူဟာတွေ ကောင်းတဲ့ အီတလီသားဟာ ကွင်းပြင်ပ စီမံခန့်ခွဲမှု နဲ့ ကစားသမားတွေကို ရှာဖွေ အရောင်တင်မှု အပိုင်းတွေမှာလည်း ထူးချွန်တဲ့ နည်းပြကောင်း တယောက်ဆိုတာကို အရင်အသင်းဟောင်းတွေက ဖြစ်ရပ်တွေက ပြောပြ ပေးနေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကနေ ပေါလ် ပေါ့ဘာ ထွက်လာခဲ့တဲ့ ၂၀၁၂ နွေရာသီ တုန်းက ကွန်တီ ဟာ ယူဗင်တပ် နည်းပြ အဖြစ် ရှိနေခဲ့ ပါတယ် ။

အီတလီသားကြီးဟာ ပြင်သစ် လူငယ်လေးကို ပုံမှန် အသုံးပြုခဲ့ရုံသာ မကပါဘူး ၊ သူ့ရဲ့ အရည် အသွေးတွေကို အကောင်းဆုံး အသုံးချနိုင်မယ့် နေရာကိုလည်း ညွှန်ပြ ခဲ့ ပါတယ် ။

၄ နှစ် အကြာမှာတော့ ကွန်တီ အရောင်တင်ပေး ခဲ့တဲ့ ပေါ့ဘာ ကို မန်ချက်စတာ ယူနိုက်တက် က ပေါင် ၈၉ သန်း နဲ့ ပြန်ဝယ်သွားခဲ့ ပါတယ် ။

အင်တာမီလန် ကို ပြောင်းလာတဲ့ ၂၀၁၉ ခုနှစ် မှာလည်း ကွန်တီ ဟာ အက်ရှ်လေယန်း ၊ အလက်ဆစ် ဆန်းချက် ၊ ရိုမီရို လူကာကူ တို့ကို ခေါ်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် မှာ ဒီ ကစားသမားတွေက အသင်းနဲ့ အံမဝင်ဘဲ အကျိုးမပြု နိုင်သူတွေလို သတ်မှတ်ပြီး ဝေဖန် ပြောဆိုခံ နေရတဲ့ သူတွေပါ ။

ဒီလူတွေဟာ အင်တာမီလန် ကို ၂၀၁၀ ကတည်းက ဝေးကွာ နေတဲ့ စီးရီးအေ အမှတ်ပေး ဖလားကို ရယူရာမှာ ကူညီခဲ့ကြပါတယ် ။

အထူးသဖြင့် လူကာကူ ပါပဲ ။

ချဲလ်ဆီး နည်းပြ ဖြစ်လာချိန်မှာ ကွန်တီ ဟာ လူကာကူ ကို အဲဗာတန် ကနေ ခေါ်ချင် ခဲ့ ပါတယ် ။ ဒါပေမယ့် မဖြစ်လာခဲ့ ပါဘူး ။

အင်တာ ကို ရောက်လာချိန် မှာတော့ ကွန်တီ ဟာ သူ့အကြိုက်ဆုံး တိုက်စစ်မှူးကို အရ ခေါ်ခဲ့ပြီး လူကာကူ ရဲ့ ဂိုးတွေနဲ့ ဖလားရယူခဲ့ ပါတယ် ။

လူကာကူ ဟာလည်း စီးရီးအေ ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရခဲ့ပြီး ဒီနှစ် နွေရာသီမှာတော့ တချိန်တုန်းက ကွန်တီ ကို လူကာကူ ခေါ်မပေးခဲ့တဲ့ ချဲလ်ဆီး က လူကာကူ ကို ပေါင် သန်း ၁၀၀ နီးပါး သုံးပြီး ဝယ်ယူ သွားခဲ့ပါတယ် ။

ကွန်တီ ဟာ ရှိတဲ့လူ နဲ့ လှအောင် ဆင်တတ်တဲ့ နည်းပြ တယောက်ဆိုရင်လည်း ဟုတ်ပြန် ပါတယ် ။

လုပ်ပွဲ ကစားမှုကြောင့် စီးရီးဘီ ကို တန်းဆင်း ပြစ်ဒဏ်ချမှတ် ခံခဲ့ရတဲ့ ယူဗင်တပ် ဟာ စတား ကစားသမားတွေ စွန့်ခွာ သွားမှု ရဲ့ ဒဏ်ရကို ခံစား နေရပြီး ကွန်တီ ရောက်လာတဲ့ ၂၀၁၁ မတိုင်ခင် မှာ ဘာအောင်မြင်မှု မှ မရခဲ့ ပါဘူး ။

စတားတွေလည်း တူရင် ကို မလာချင်ခဲ့ ကြပါဘူး ။

ဒီနာတယ်လီ ဟာ ယူဗင်တပ် ရဲ့ ကမ်းလှမ်းမှု ကို ငြင်းခဲ့ပါတယ် ။ ရော်ဘင် ဗန်ပါစီ က လေ့ကျင့်ရေးကွင်း အထိ အရောက်လာခ့ပြီးမှ မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းသွားခဲ့ ပါတယ် ။

အဲ့ဒိ နှစ် မှာ ယူဗင်တပ် တို့ ခေါ်ခဲ့တာက အန်ဒရေပီယာလို ၊ ဗီဒယ် ၊ ပေါ့ဘာ နဲ့ ဖာနန်ဒို လော်ရန်တေး တို့ပါ ။ အပယ်ခံ ၊ မထင်မရှား ၊ စွန့်ပစ်ခံ နဲ့ ဈေးပေါတဲ့ တိုက်စစ်မှူးတို့ပါပဲ ။

အလိုင်းရန့် စတေဒီယံ ( ယူဗင်တပ် ) မှာ ကွန်တီ ရဲ့ အမြင့်ဆုံး ဈေးပေးပြီး ခေါ်ခဲ့တဲ့ ကစားသမားက ကွက်ဝူး အဆာမို ပါ ၊ အူဒီနီးစ် ကနေ ၂၀၁၂ မှာ ယူရို ၁၈ သန်း နဲ့ ခေါ်ယူခဲ့တာပါ ။

ဒီလိုမျိုး ငွေအများကြီး သုံးခွင့် မရပေမယ့် ယူဗင်တပ် ဟာ ကွန်တီ ရှိခဲ့တဲ့ ၃ ရာသီစလုံးမှာ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ ပါတယ် ။ ပထမဆုံး ရာသီမှာ ဆိုရင် ရှုံးပွဲ မရှိ ချန်ပီယံတောင် ဖြစ်ခဲ့တာပါ ။

အဲ့ဒိ ရာသီတုန်းက ယူဗင်တပ် ရဲ့ တိုက်စစ်မှာ မတ်ထရီ ၊ ဗူဆီနစ် တို့ပဲ ရှိနေခဲ့တာပါ ။ ပြိုင်ဘက် အေစီမီလန် က ဇလာတန် ၊ အင်တာ မီလန် က ချန်ပီယံလိဂ် သူရဲကောင်း ဒီယေဂို မီလီတို တို့နဲ့ ကစားနေတဲ့ အချိန်မှာပေါ့ ။

နောက်ဆုံး အရည်အသွေးကောင်း တခု ကတော့ ကစားသမားတွေကို မြင်တတ် တာပါပဲ ။ အာတူရို ဗီဒယ် ဟာ ယူဗင်တပ် ကို ရောက်မလာခင်တုန်းက ဘွန်ဒစ်လီဂါ မှာပဲ လူသိများတဲ့ သူ ဖြစ်ခဲ့တာပါ ။ ဒါပေမယ့် ကွန်တီ ရဲ့ လက်အောက်ကို ရောက်လာချိန် မှာတော့ ပေါ့ဘာ ၊ ပီယာလို တို့နဲ့ တွဲဖက်ပြီး ရှုံးပွဲ မရှိ ရာသီကို အတူ ဆင်နွှဲ ခဲ့ပါတယ် ။ ခုချိန်မှာတော့ ဗီဒယ် ဆိုတဲ့ အမည်တခုကို ဘောလုံးသမိုင်းမှာ ရေးထိုး ထားနိုင်ခဲ့ပါပြီ ။

ချဲလ်ဆီး ပရိသတ်တွေ ကတော့ ဒီအရည်အသွေးကို မားကိုစ့် အလွန်ဆို ကို ခေါ်ယူခဲ့မှု ကနေ ထင်ထင် ရှားရှား မြင်တွေ့ ခဲ့ပြီးပါပြီ ။ နောက်ပိုင်းရာသီတွေမှာ ခြေပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေပေမယ့် အလွန်ဆို ဟာ ခုချိန်ထိ ချဲလ်ဆီး မှာ ဆက်ရှိနေဆဲပါ ။ ကွန်တီ နဲ့ ဖလားရခဲ့တဲ့ နှစ်တုန်းက ဘယ်လောက် ကောင်းခဲ့တယ် ဆိုတာကိုတော့ ပြောပြစရာ လိုမယ်မထင်ပါဘူး ။

ချဲလ်ဆီး ကို ပြန်တည်ဆောက်ဖို့ အတွက် PSG ကနေ ခံစစ်မှူးဟောင်း လူးဝစ် ကို ပြန်ခေါ်ခဲ့တာ ၊ လက်စတာ ရဲ့ ကွင်းလယ်အင်ဂျင် အန်ုဂိုလို ကန်တီ ကို ပေါင်သန်း ၃၀ တည်းနဲ့ အရ ခေါ်ခဲ့တာတွေဟာ ချဲလ်ဆီး အမှုဆောင်တွေရဲ့ အရည်အသွေးတွေ နဲ့ ကွန်တီ ရဲ့ ရှုမြင်နိုင်စွမ်းတွေ ပေါင်းစပ်မှု ရဲ့ အဖြေလို့ ဆိုရင် မှားနိုင်မှာ မဟုတ်ပါဘူး ။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ကွန်တီ ဟာ အသင်းတွေကို ပြန်လည် တည်ဆောက်တဲ့ နေရာမှာ အလွန် ထူးချွန်တဲ့ နည်းပြ တယောက်လို့ ပြောနိုင်ပါတယ် ။

ချဲလ်ဆီး ကို သူ ရောက်လာတဲ့ ၂၀၁၆ နွေရာသီမှာ မော်ရင်ဟို က မန်ချက်စတာ ယူနိုက်တက် ၊ ဂွာဒီယိုလာ က မန်ချက်စတာ စီးတီး တို့ကို ကိုင်တွယ်ခဲ့ ပါတယ် ။

ယာဂင် ကလော့ ဆိုရင် ပရီးမီးယားလိဂ် ကို ရောက်နှင့်တာ ၁ ရာသီရှိနေခဲ့ပါပြီ ။

ချဲလ်ဆီး က အဲ့ဒိရှေ့ ရာသီတုန်းက အဆင့် ၁၀ နဲ့ ဇာတ်သိမ်းထား ခဲ့တာပါ ။ ဒါပေမယ့် ရာသီ အကုန်မှာတော့ ကွန်တီ ရဲ့ အသင်းဟာ မော်ရင်ဟို ၊ ဂွာဒီယိုလာ နဲ့ ကလော့ တို့ ရဲ့ အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲ ခဲ့ ပါတယ် ။

အခု ကွန်တီ စပါး နည်းပြ ဖြစ်လာပါပြီ ။ တော့တင်ဟမ် ဟော့စပါး ရဲ့ လူစာရင်း ဟာ ၂၀၁၆ တုန်းက ချဲလ်ဆီး လောက် မကောင်းပေမယ့် ၂၀၁၁ တုန်းက ယူဗင်တပ် ထက်တော့ မနိမ့်ပါဘူး ။ ကွာခြားသွားတာကတော့ လက်ရှိ လီဗာပူး ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ဟာ ၂၀၁၆ တုန်းကထက် ပိုတောင့်တင်းလာသလို ၂၀၁၁ တုန်းက အင်တာ ၊ အေစီ တို့ထက်လည်း ပိုကောင်းနေကြတာပါပဲ ။

ဒါပေမယ့် ကွန်တီ ဟာ အပေါ်မှာ ပြောခဲ့သလိုပဲ ကစားသမားတွေကို အရောင်တင်ပေး နိုင်သူ ၊ ရှိတာ နဲ့ လှအောင် ဆင်ပေးနိုင်သူ ၊ မထင်မှတ်တဲ့ ခေါ်ယူမှုကောင်းတွေကို ပြုလုပ် နိုင်သူ ဖြစ်တယ်ဆိုတာကို သမိုင်းက သက်သေပြထားခဲ့ပြီးပါပြီ ။

တော့တင်ဟမ် ဟော့စပါး ကို ကွန်တီ ဘယ်လိုမျိုး ပုံသွင်းမလဲ ဆိုတာ တကယ်ကို စိတ်ဝင်စား စရာပါပဲ . . .

 

SPORTS MYANMAR