စပါးနည်းပြသစ် ကွန်တီ ရဲ့ ပထဆုံး ပြောစကား ၊ စပါးမှာရမယ့် လုပ်ခ နဲ့ ဇန်နဝါရီ စီမံကိန်

 

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ လက်သွက် ခြေသွက် လှုပ်ရှားမှု ဟာ နူနို ဆန်းတိုစ့် ကို ထုတ်ပယ် အပြီး ၂၄ နာရီ အတွင်းမှာပဲ အန်တိုနီယို ကွန်တီ ကို နည်းပြသစ် အဖြစ် ခန့်အပ် နိုင်စေခဲ့ ပါတယ် ။

ယူဗင်တပ် ၊ ချဲလ်ဆီး ၊ အင်တာမီလန် အသင်းတို့ကို ကိုင်တွယ် ခဲ့ဖူးတဲ့ ကွန်တီ ဟာ ရောက်လေရာမှာ အောင်မြင်မှုတွေ ရယူ ပေးနိုင်တဲ့သူလို့ သတ်မှတ် ခံထားရတဲ့ ချန်ပီယံ နည်းပြ တယောက်ပဲ ဖြစ်ပါတယ် ။

ကွန်တီ နဲ့ စပါး ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက သတင်းထွက် ခဲ့ပေမယ့် အခုချိန် မှာတော့ ဒါဟာ အမှန်တကယ် ဖြစ်လာခဲ့ ပါပြီ ။

 

“နည်းပြ အလုပ် ပြန်လုပ်ဖြစ်သလို ရည်မှန်းချက်တွေ အပြည့် ရှိနေတဲ့ ပရီးမီးယားလိဂ် အသင်း တသင်းကို ကိုင်တွယ်ခွင့် ရတဲ့ အတွက် ကျွန်တော် အရမ်းပဲ ဝမ်းမြောက်မိ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းတကွင်း ရှိသလို လေ့ကျင့်ရေး ပစ္စည်းတွေ ကလည်း အကောင်းစားတွေ ပါပဲ ။

ဒီမှာ ကစားသမားတွေ နဲ့ အတူ အလုပ်စလုပ်ရဖို့ ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး”

“တော့တင်ဟမ် ဟော့စပါး ပရိသတ်တွေ ရဲ့ ပြင်းပြတဲ့ စိတ်ဓါတ်တွေ ၊ အောင်ပွဲ ဆာလောင်မှုတွေ ကို ကျွန်တော် အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ ။ ကျွန်တော် ကိုယ်တိုင် ကလည်း ကစားသမား ဘဝမှာရော နည်းပြ ဘဝမှာပါ ပြင်းပြတဲ့ ခံယူချက်တွေ ရှိနေတုန်းပါပဲ ။

ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ကျွန်တော်တို့ ဆုံဖြစ်ရမှာပါ ၊ ဒါပေမယ့် အင်တာ နဲ့ လမ်းခွဲ ထားတာ မကြာသေးတော့ ကျွန်တော့ ရဲ့ စိတ်တွေက အရမ်းရှုပ်ထွေးနေခဲ့ ပါတယ် ။ နည်းပြ အလုပ်ကို ပြန်လုပ်ဖို့ ကောင်းတဲ့ အချိန် မဟုတ်သေးဘူးလို့လည်း ခံစားခဲ့ရပါတယ်”

“ဒါပေမယ့် ဥက္ကဌ ဒန်နီရယ် လီဗိုင်း ရဲ့ ကျွန်တော့ အပေါ် ထားတဲ့ ဇွဲ နဲ့ စိတ်ဆန္ဒ ပြင်းပြမှု တွေက အခု ဒီနေရာမှာ ကျွန်တော့ကို ရောက်လာ စေခဲ့တာပါပဲ ။

အခု အခွင့်အရေးက ကျွန်တော့ဆီ ပြန်ရောက်လာခဲ့ ပါပြီ ။ ဒါကို ကျွန်တော် ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံ ခဲ့တာပါ” လို့ ကွန်တီ က စပါး အသင်းနဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

ကွန်တီ ဟာ စပါး အသင်းနဲ့ ၁၈ လ သက်တမ်း ရှိမယ့် စာချုပ်ကို ချုပ်ဆို ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ အထိ ဆက်လက် သက်တမ်းတိုးခွင့်လည်း ပါရှိ ခဲ့ပါတယ် ။

ကွန်တီ ရဲ့ ကနဦး ၁၈ လ စာချုပ် အရ အီတလီ နည်းပြကြီး ဟာ ပေါင် သန်း ၃၀ အထိ လုပ်ခ ရရှိမှာ ဖြစ်ကာ အပိုဆုကြေးတွေ လည်း စာချုပ်ထဲမှာ ပါဝင်တယ်လို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် အသင်း ဥက္ကဌ လီဗိုင်း ဟာ လာမယ့် ဇန်နဝါရီ နဲ့ နွေရာသီ အပြောင်း အရွှေ့တွေ မှာ ကွန်တီ အသုံးပြုဖို့ အတွက် ပေါင် သန်း ၁၅၀ အထိ ထုတ်ပေး သွားမယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ကွန်တီ ဟာ စပါး အသင်း ဒါရိုက်တာချုပ် ဖြစ်သူ ဖာဘီယို ပါရာတစ်ဆီ နဲ့ ရင်းနှီးသူ ဖြစ်ပြီး သူတို့ ၂ ဦးဟာ ယူဗင်တပ် အသင်းမှာ အတူ လုပ်ကိုင် ခဲ့ကြဖူးပါတယ် ။

ပါရာတစ်ဆီ ဟာ အီတလီ ဘောလုံး ဈေးကွက် ကို ကျွမ်းကျင်သူ ဖြစ်ပြီး ကွန်တီ ကလည်း စီးရီးအေမှာ ကြိုက်နှစ်သက်သူတွေ ရှိနေတာကြောင့် ဇန်နဝါရီ ဈေးကွက်မှာ စီးရီးအေ ကစားသမားသစ်တွေ စပါးကို ထပ်မံ ရောက်ရှိ လာဖို့ အလားအလာ များနေပါတယ် ။

ကွန်တီ ဟာ ယမန်နေ့က အသင်းနဲ့ တရားဝင် မိတ်ဆက်ပွဲ ပြုလုပ် အပြီးမှာဘဲ စပါး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ် ကို စတင်ကြီးကြပ် သွားခဲ့ ပါတယ် ။

စပါး ဟာ လာမယ့် ကြာသပတေးနေ့ မှာ ယူရိုပါ ကွန်ဖရန့်လိဂ် အုပ်စု ပွဲစဉ် အဖြစ် နယ်သာလန် ကလပ် ဗွီတက်ဆီ အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး လာမယ့် ပိတ်ရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR