စတာလင် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သဘောထား ပြောင်းလဲတော့မယ့် မန်စီးတီး

အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ဆက်တိုက် ရယူပေးနိုင်လာခဲ့ပြီး နောက်ပိုင်း မန်စီးတီး ဟာ စတာလင် ကို အရောင်းစာရင်းတင်မယ့် သဘောထားတွေကို ပြောင်းလဲကာ စာချုပ်သစ်ကိစ္စ ပြန်လည် ဆွေးနွေးဖို့ အားထုတ်လာနေပါတယ်။

ဒါကြောင် သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်လာမယ့် စုံစမ်းမှုတိုင်း ကို ငြင်းဆိုဖို့ ပြင်ဆင်ထားပြီး ၊ အပြောင်းအရွှေ့ ကိစ္စတွေကို လက်ခံ စကားပြောပေးတော့မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ယူရို ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ အပြင် ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေလဲ လက်ရွေးစင် အသင်းအတွက် အားကိုးရတဲ့ ကစားသမား ဖြစ်နေသည့်တိုင်အောင် ကလပ်အသင်းမှာတော့ ပုံမှန် ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်ရပြီးနောက် ၊ စတာလင် ဟာ ဒီရာသီမှာ ပွဲထွက် ကစားသမားနေရာ ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။

သို့သော် မန်စီးတီး အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ 3 ပွဲ ဆက်တိုက် ဂိုးတွေ ရယူပြနိုင်ခဲ့ပါပြီ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ပွဲထွက် ကစားသမား နေရာကနေ ဆက်တိုက် ပါဝင် ကစားခွင့် မရသေးသည့်တိုင်အောင် ၊ ဒဏ်ရာ ပြသနာတွေ နဲ့ ရင်ဆိုင်နေရတဲ့ ဂရေးလစ်ချ် ၊ ဖိုဒန် တို့ရဲ့ နေရာလွတ်တွေကို အမိအရ ဆုပ်ကိုင်လျှက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ လ ပိုင်း အတွင်းက စတာလင် ဟာ စာချုပ်သစ် ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုတွေ ကို ဘေးဖယ်ထားပြီး ၊ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် နေရာ ရရှိလာဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောဆိုခဲ့သလို ၊ နိုင်ငံခြား ထွက်ကစားဖို့ ဖြစ်နိုင်ချေတွေကိုလဲ စဉ်းစားနေတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လက်ရှိ စာချုပ် အရ တစ်ရာသီခွဲ သက်တမ်းသာ ရှိတော့သာ ဖြစ်လို့ ၊ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေ အနေနဲ့ ရာသီအကုန်မှာ တရားဝင် ချဉ်းကပ်ခွင့်တွေ ရှိနေပါတယ်။ မန်စီးတီး ကလဲ အခုမှ အသက် 26 နှစ် အရွယ်ပဲ ရှိသေးတဲ့ စတာလင် ကို လုံး၀ လက်လွှတ်ပေးလိုခြင်း မရှိပဲ ၊ အသင်းမှာ ကစားခွင့် မရခဲ့သည့်တိုင်အောင် စာချုပ်သစ်ကိုတော့ တရားဝင် ကမ်းလှမ်းထားခဲ့ပါတယ်။

အသက် 26 နှစ် ဆိုတာ ဘောလုံးသမား တစ်ယောက် အတွက် အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာဖို့ အားယူနေဆဲ အချိန်ကာလမျိုးဖြစ်ပြီး ၊ အသက် ရွယ်ရလာတဲ့ ကစားသမားတွေ ဖြစ်တဲ့ ကွန်ပနီ ၊ ဖာနန်ဒင်ဟို တို့ တုန်းကတောင် တစ်နှစ်ချင်း စာချုပ်သက်တမ်း တိုးကာ ချုပ်ဆိုပေးခဲ့ဖူးပါတယ်။

မန်စီးတီး ဟာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ကာလ အတွင်းမှာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ မာရက်ဇ် ကို ဆုံးရှုံးရမှာ ဖြစ်လို့ ၊ စတာလင် ကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ခွင့်ပေးဖို့ လုံး၀ စဉ်းစားခဲ့ခြင်း မရှိပါဘူး။

တဖက်မှာတော့ ဘာစီလိုနာ အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ထားသလို ၊ အသင်းဟောင်း ဖြစ်တဲ့ လီဗာပူး ကတော့ ခေါ်ယူဖို့ ချိန်ရွယ်နေတယ် ဆိုတဲ့ ကောလဟာလမျိုးတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။

သို့သော် လက်ရှိ အနေအထား အရတော့ မန်စီးတီး ရဲ့ သဘောထားဟာ အရင်ကထက် ပိုပြိး ပျော့ပြောင်းလာနေပြီး ၊ အသင်းအတွက် ဂိုးတွေ ဆက်တိုက် ပြန်လည် သွင်းယူပေးနေတဲ့ စတာလင် ကို စာချုပ်သစ် ကိစ္စ အမြန်ဆုံး ပြန်လည် ဆွေးနွေးပေးဖို့ လိုလားလျှက် ရှိနေပါတယ်။

စတာလင် ဘက်ကသာ ဆန္ဒရှိမယ် ဆိုရင် ကာလရှည် စာချုပ် ပုံစံမျိုး နဲ့ ချုပ်ဆိုနိုင်ဖို့ အတွက် နောက်တစ်ကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကလပ်အသင်းဘက်က အသင့်ပြင်ထားတယ်လို့ သိရပါတယ်။

SPORTS MYANMAR