ငွေကြေးနဲ့ အလျှင်အမြန်အင်အားကြီးလာအောင် လုပ်ဆောင်ခဲ့တဲ့ မန်စီးတီး နဲ့ PSG တို့ကို လှောင်ပြောင် ဝေဖန်လိုက်တဲ့ ဘိုင်ယန် အကြီးအကဲ

ဘိုင်ယန်မြုးနစ် အသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ အူလီ ဟိုးနက်စ် ဟာ မန်ချက်စတာ စီးတီး နဲ့ PSG တို့ရဲ့ ငွေကြေး အသုံးပြု တည်ဆောက်မှု နဲ့ အောင်မြင်မှုတွေ အပေါ် လှောင်ပြောင် ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ အဘူဒါဘီ စီးပွားရေး အင်အားစုက ဝယ်ယူ အပြီးမှာ အင်အား တဖြည်းဖြည်း ကြီးမား လာခဲ့တာ ဖြစ်ပြီး ဆယ်စုနှစ် အတွင်းမှာ ပြည်တွင်းရော ဥရောပ မှာပါ အသင်းကြီး တသင်း အဖြစ်ကို ရောက်လာခဲ့ ပါတယ် ။

PSG ကလည်း အရှေ့အလယ်ပိုင်း စီးပွားရေး ဘီလီယံနာတွေ ရဲ့ ငွေကြေး အင်အားတွေနဲ့ မက်ဆီ ၊ နေမာ ၊ ဘာပေ တို့လို စူပါ စတားတွေ ကို ခေါ်ယူကာ ထိပ်တန်း အသင်းကြီး တသင်း အဖြစ်ကို ရောက်ရှိလို့ လာခဲ့ ပါတယ် ။

ဒီလို ငွေကို လိုသလို အသုံးပြုပြီး ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့် နိုင်မှုဟာ မန်စီးတီး ကို ၁၀ နှစ် အတွင်း အမှတ်ပေး ချန်ပီယံ ၅ ကြိမ် ဖြစ်စေခဲ့ သလို PSG ကိုလည်း ပြင်သစ်လိဂ် မှာ နှစ်တိုင်းလိုလို ဗိုလ်စွဲ စေခဲ့ ပါတယ် ။

ဒါပေမယ့် သူတို့ ဟာ ဥရောပ ကလပ် အသင်းတွေ အတွက် အမြင့်ဆုံး အောင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလား ကိုတော့ မရယူ နိုင်ခဲ့ကြပါဘူး ။

မန်စီးတီး ဟာ မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့ပေမယ့် ချဲလ်ဆီး ကို အရေးနိမ့်ကာ ဒုတိယ ဆုနဲ့ ကျေနပ် ခဲ့ ပါတယ် ။

PSG ကတော့ ၂၀၂၀ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြုးနစ် ကို ရှုံးနိမ့် ခဲ့တာပါ ။

ဘိုင်ယန် ကတော့ ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်းမှာ ချန်ပီယံလိဂ် ဖလားကို ၂ ကြိမ် ရယူ နိုင်ခဲ့သလို သမိုင်း တလျောက် ရီးရဲ မက်ဒရစ် နဲ့ အေစီမီလန် တို့ ပြီးပါက တတိယ အအောင်မြင်ဆုံး အသင်း အဖြစ် ရှိနေခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ PSG ၊ မန်စီးတီး တို့လို တဦး တယောက်တည်းက ပိုင်ဆိုင်တဲ့ အသင်း မဟုတ်ဘဲ ဂျာမနီ အစိုးရ ရဲ့ ၅၀+၁ ပိုင်ဆိုင်မှု ပုံစံ အတိုင်း လည်ပတ် လုပ်ဆောင် နေတာ ဖြစ်ပါတယ် ။

ဘိုင်ယန် ဟာ အခြား ဥရောပ ထိပ်သီးတွေလိုမျိုး ပေါင်သန်း ရာချီတဲ့ ခေါ်ယူမှုမျိုးကို မလုပ်ဆောင်ခဲ့ ပေမယ့် အသင်းကို နှစ်စဉ် အင်အား တောင့်တင်းပြီး ထိပ်တန်း အဆင့်မှာ ရှိနေနိုင်အောင် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဒါကြောင့်လည်း အူလီ ဟိုးနက်စ် က ငွေပေါတိုင်း ဘောလုံး အသင်းတသင်းကို တည်ဆောက်ချင်တိုင်း တည်ဆောက်လို့ မရနိုင်ဘူးလို့ စီးတီး နဲ့ PSG ရဲ့ အရှေ့အလယ်ပိုင်း ဘီလီယံနာတွေကို လှောင်ပြောင် ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။

“သူတို့ ဘာတွေ ရပြီးပြီလဲ ၊ ကျွန်တော် တော့ ဘာမှ မမြင်သေး ပါဘူး ။

ဒီ ၂ သင်းပေါင်းလို့ ချန်ပီယံလိဂ် တလုံးတောင် မရှိသေးတာပါ ။ သူတို့က ကျွန်တော်တို့တွေ ကို ဆက်ပြီး ရှုံးနေ ဦးမှာ ပါပဲ ။ အမြဲတမ်း မဟုတ်ရင်တောင် ရှုံး နေဦးမှာပါ ။

ကျွန်တော် ကတော့ ဒီလို အသင်းမျိုးတွေကို နိုင်တိုင်း ဝမ်းသာ မိပါတယ်”

“ဘာလို့လည်း ဆိုတော့ ဒီနိုင်ပွဲတွေဟာ သူတို့ကို ‘မင်းတို့ရဲ့ ေ-ာက် ပိုက်ဆံတွေ က မလုံလောက်သေးဘူးကွ’ လို့ ပြောလိုက်ရ သလိုပါပဲ ။ အရမ်း အားရမိ ပါတယ် ။

သူတို့ နဲ့ ကျွန်တော်တို့ ကြားက ကွာခြားချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ က ငွေရဖို့ ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲ ဖြတ်သန်း ခဲ့ရတာပါ ။ သူတို့က ငွေကို လက်ဆောင် တခုလိုမျိုး ရခဲ့ကြတာပါ ။

သူတို့ လိုချင်တာရှိရင် ချက်ချင်း ဝယ်ပစ်လိုက် နိုင်ပါတယ် ၊ ကျွန်တော်တို့ က ဒါမျိုး မလုပ် နိုင်ပါဘူး ၊ ဒါကြောင့် သေချာ စနစ်တကျ တည်ဆောက်ဖို့ လိုအပ်ပါတယ်” လို့ အူလီ ဟိုးနက်စ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR