ဂျော်ဂျင်ဟို ပင်နယ်တီ လွဲခဲ့လို့ ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ နောက်ဆုံးပွဲ အထိ တိုက်ပွဲဝင်ရတော့မယ့် အီတလီ

မနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု C ရဲ့ ဇယားထိပ်ဆုံး က အီတလီနဲ့ ဆွစ်ဇာလန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ၊ တဖက် တဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့လို့ ၊ ခြေစစ်ပွဲ အောင်ဖို့ အတွက် အုပ်စု နောက်ဆုံးပွဲ အထိ ၂သင်းလုံး အကြိတ်အနယ် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ် ။

အထူးသဖြင့် အိမ်ရှင် အဖြစ်နဲ့ အိုလံပီကိုကွင်းမှာ ဆွစ်ဇာလန်ကို ဧည့်ခံ ကစားခဲ့ရတဲ့ အီတလီ အဖို့ မနေ့ည က ပွဲမှာ နိုင်ပွဲရဖို့ ကောင်းခဲ့ပါတယ် ။ သို့ပေမယ့် မထင်မှတ်ပဲ အဖွင့်ဂိုး အရင်ပေးခဲ့ရသလို ၊ နောက်ကနေ လိုက်ကစားကာ ၊ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ၊ ပွဲပြီးခါနီး မှာ ရခဲ့တဲ့ ပင်နယ်တီ ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် အီတလီတို့ အတွက် ပေးဆပ်မှု ကြီးမားသွားခဲ့ပါတယ် ။

မနေ့ည က ပွဲကိုသာ အနိုင်ရလိုက်ရင် ၊ အီတလီတို့ Head to Head ၊ ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဗိုလ် အဖြစ်ကနေ ခြေစစ်ပွဲ အောင်လိုက်မှာ ဖြစ်ပါတယ် ။ မိနစ် ၉၀ မှာ ရခဲ့တဲ့ ပင်နယ်တီ ကို ချဲလ်ဆီးနဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဂိုးပေါက် ချော်ကန်ခဲ့တာကြောင့် ၄င်းတို့ နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ် ။

Ballon D’Or ဆုနဲ့ ထိုက်တန်မှု ရှိမရှိ ဝေဖန်သံတွေ များနေတဲ့ ကြားမှာ ၊ အခုလို အရေးကြီးတဲ့ အဆုံးအဖြတ် ပေးစေမယ့် ပင်နယ်တီကို လွဲလိုက်တာ က ဂျော်ဂျင်ဟို ကို ခါတိုင်းထက် ဖိအားတွေ ပိုဝင်စေမှာ သေချာနေပါပြီ ။ နိုင်ပွဲ မရခြင်း အတွက် ဂျော်ဂျင်ဟိုကို အပြစ်တင်တာ မျှတမှု မရှိတာ မှန်ပေမယ့် ၊ ၄င်းကြောင့် အီတလီတို့ ပိုပြီး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ် ။

အုပ်စု လက်ကျန် နောက်ဆုံးပွဲမှာ အီတလီ ဟာ တတိယ နေရာ က မြောက်အိုက်ယာလန် အသင်း ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိပြီး ၊ ထိုပွဲဟာ ၄င်းတို့ကို ထင်ထားတာထက် ပိုမို ခက်ခဲစေလာနိုင်ပါတယ် ။

အီတလီရဲ့ ချေပဂိုး ကို သွင်းယူခဲ့တဲ့ နာပိုလီ ညာနောက်ခံလူ ဂျီယိုဗန်နီ ဒီလော်ရန်ဇို ကတော့ ပင်နယ်တီ လွဲခဲ့တဲ့ ဂျော်ဂျင်ဟိုကို ၄င်းတို့အားလုံး ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ကာ ၊ ခြေစစ်ပွဲ အောင်ဖို့ကိုလည်း ၄င်းတို့ အုပ်စု နောက်ဆုံးပွဲမှာ မဖြစ်မနေ အနိုင် ကစားသွားမှာ ဖြစ်ကြောင်း အီတလီ ပရိသတ်တွေကို အခုလိုပဲ ကတိပေးခဲ့ပါတယ် ။

RAI Sport နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ဒီလော်ရန်ဇို က ” လာမယ့်ပွဲ ဟာ ကျွန်တော်တို့ အတွက် ခက်ခဲမှုတွေ ပြည့်နှက်နေမယ့် အဝေးကွင်း တပွဲ ဖြစ်လာမှာပါ ။ ဒီပွဲ အတွက် ကျွန်တော်တို့မှာ ပြင်ဆင်ချိန် ၂ရက် ရှိပြီး ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ အရာရာ ပေးဆပ်ကစားသွားမှာ ဖြစ်ပါတယ် ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ စိတ်အာရုံ ထွေပြားမှု များခဲ့တာကြောင့် ၊ ပြိုင်ဖက်ကို တန်ပြန်တိုက်စစ်တွေကနေ ထိုးဖောက်ခွင့် အကြိမ်ကြိမ် ခွင့်ပြုခဲ့ရပါတယ် ။ ပထမပိုင်း ပြီးခါနီးမှာမှ ကျွန်တော်တို့ ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့ကာ ၊ ပွဲကောင်း တပွဲ ဖြစ်အောင် ပြန်လည် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ”

” သရေကျခဲ့လို့ ပရိသတ်တွေကို ကျွန်တော်တို့ တောင်းပန်ပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ လာမယ့် တနင်္လာနေ့မှာ ကျွန်တော်တို့ အမှန်တကယ် ပေးဆပ် ကစားမှာပါ ။ ဒီနေ့ ကျွန်တော့ရဲ့ ကိုယ်ပိုင် ခြေစွမ်း အပေါ် အားရ ကျေနပ်မှု ရှိပါတယ် ။ ဒါပေမယ့် အသင်း က နိုင်ပွဲ မရတာကြောင့် ကျွန်တော် ၅၀ ရာခိုင်နှုန်းပဲ ပျော်ရွှင်ခဲ့ရပါတယ် ။ ”

” ဂျော်ဂျင်ဟို ဟာ ကြီးကျယ်တဲ့ ချန်ပီယံ တယောက် ဖြစ်သလို ၊ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူလည်း ဖြစ်ပါတယ် ။ ဒီနေ့ အဖြစ်အပျက် အတွက် ကျွန်တော်တို့ အားလုံး သူ့ကို ဝိုင်းဝန်း အားပေးသွားကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR