ဂျော်ဂျင်ဟိုရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးရင်း ၊ လက်စတာနဲ့ ပွဲမှာ လွှမ်းမိုးမှု ကြီးမားခဲ့တဲ့ အသင်းသား ၂ဦး အပေါ် ချီးမွမ်းခန်း ဖွင့်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ လက်စတာ အသင်းကို အဝေးကွင်းမှာ နောက်ခံလူ အန်တိုနီယို ရူဒီဂါ ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ လူစားဝင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၀ – ၃ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ အားထားရတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူနဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်တို့က လွဲရင် ၊ အဓိက ကစားသမား အစုံအလင် ပြန်ပါလာခဲ့ပြီး ၊ တပွဲလုံး ခြေစွမ်း တဖက်သတ် အသာစီးနဲ့ သက်တောင့်သက်သာ ကစားကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။

Ballon D’Or ဆန်ခါတင် စာရင်းဝင် ကွင်းလယ် အတွဲ ဖြစ်တဲ့ ကန်တေ – ဂျော်ဂျင်ဟို အတွဲ ဟာ ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ ကန်တေ ကတော့ အသင်းဟောင်းနဲ့ ရင်ဆိုင် အတွေ့မှာ ဒီရာသီ ဒုတိယမြောက် သွင်းဂိုးကို ပိုင်ဆိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ဂျော်ဂျင်ဟို ဟာ ဒုတိယပိုင်း ပြီးခါနီး ၁၅မိနစ်လောက်မှာ တံကောက်ကြော နေရာမှာ ကြွက်တက်မှု အနည်းငယ် ဖြစ်ခဲ့လို့ ၊ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ၄င်းကို နောက်ထပ် ကြီးမားတဲ့ ဒဏ်ရာ တခုခု မရခင် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ တူချယ် က ဂျော်ဂျင်ဟို ဟာ ဘာဒဏ်ရာမှ ပြင်းပြင်းထန်ထန် ရရှိတာ မဟုတ်ကြောင်းကို ” လူစားလဲ အပြီး ၊ ဂျော်ဂျီ က ကျွန်တော့ကို သူ ကြွက်နည်းနည်း တက်တာပဲ ရှိတယ်လို့ ပြောခဲ့ပါတယ် ။ ဒီတော့ လာမယ့် ကြားရက်မှာ ကစားမယ့် ယူဗင်တပ်နဲ့ ပွဲကို သူ လွဲဖို့ ကျွန်တော် မမြင်မိပါဘူး ။ ”

” လောလောဆယ်မှာ ကျွန်တော် အာမခံနိုင်တာ တခု က သူဟာ တခြား ဘာကြွက်သား ဒဏ်ရာမှ ထူးထူးခြားခြား မရထားဘူး ဆိုတာပါပဲ ။ ဒီတော့ အင်္ဂါနေ့ ပွဲအတွက် ကစားသမား စာရင်းမှာ သူ ပြန်ပါမှာပါ ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

မနေ့ည က နိုင်ပွဲရဲ့ အရေးပါတဲ့ အဖွင့် ၂ဂိုးမှာ ထုံးစံအတိုင်း wing-back ၂ဦး ဖြစ်တဲ့ ဘန်ချေဝဲလ်နဲ့ ရိစ်ဂျိမ်းစ်တို့ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ကြပြီး ၊ တူချယ် က ပွဲအပြီးမှာ ၄င်းတို့ ၂ဦးရဲ့ အခန်းကဏ္ဍ ဟာ အသင်း အပေါ် ဘယ်လောက် အထိ လွှမ်းမိုးမှု ရှိတဲ့ အကြောင်းကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ တပွဲပြီး တပွဲ ကိုယ့်အသင်းရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဘယ်လို နေရာတွေမှာ အရဲစွန့်သင့်လဲ ၊ ဘယ်လို နေရာတွေမှာ တိုက်စစ် အတက်အဆင်း အပြောင်းအလဲ ပိုလုပ်နိုင်လဲ ၊ လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်လဲ စတဲ့ အကြောင်းတွေ ပိုမို နားလည်လာကြပါတယ် ။ ”

” ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ စိတ်ရှိတဲ့အတိုင်း ယုံကြည်မှု လွန်ကဲစွာနဲ့ ချဉ်းကပ် ကစားတာမျိုး မလုပ်ပါဘူး ။ ဒါပေမယ့် ဒီနေ့မှာ တိုက်စစ် အတိုးအလှုပ် ရှုထောင့် အရ ကျွန်တော်တို့ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှား ကစားနိုင်ခဲ့ပါတယ် ။ ”

” wing-back ၂ဦး ဟာ တိုက်စစ် ကစားသမားတွေကို ပံ့ပိုးပေးဖို့ အတွက် သူတို့ရဲ့ နေရာတွေကနေ လိုက်လျောညီထွေ ဖြစ်အောင် ကစားပေးခဲ့ကြပါတယ် ။ ဒါဟာ ထပ်ခါတလဲလဲ လုပ်ဆောင်နိုင်မှု ၊ တဦး အပေါ် တဦး နားလည်မှု စတဲ့ အရာတွေနဲ့ သက်ဆိုင်နေပါတယ် ။ ဒါပေမယ့် ဘယ်သူပဲ ကစားခွင့် ရရ သူတို့ရဲ့ အတွေးမှာ ဒါတွေ အားလုံး ရှိနေတာပါ ။ ”

” အက်ဇ်ပီနဲ့ မားကို့စ် ဆိုရင်လည်း နေရာ အပြောင်းအလဲ လုပ်ကစားတဲ့ နေရာမှာ ကျွမ်းကျင်ကြတာပါပဲ ။ ဒီနေ့မှာတော့ ရိစ်နဲ့ ချီလီပေါ့ ။ ကျွန်တော်တို့ဟာ တိကျတဲ့ နေရာလွတ်တွေကနေ ပြိုင်ဖက် အပေါ် အန္တရာယ် ပေးလိုပြီး ၊ ထိုကတဆင့် ပွဲရဲ့ အရှိန်ကို မြှင့်တင်ချင်တာပါ ။ ဒါကို သူတို့ ၂ဦး က ဖြစ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR