ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့ စိန့်တို့ကို ချေမှုန်းနိုင်ခဲ့တဲ့…လီဗာပူး ၄-၀ ဆောက်သမ်တန် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာမျာ

လီဗာပူးဟာ နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ၀က်ဟမ်းကို ရှုံးနိမ့်ခဲ့မှုကို အကောင်းဆုံး တုန့်ပြန်နေပြီး ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ်ကို ၄-၀ ၊ ကြားရက်က ပေါ်တိုကို ၂-၀ နဲ့ မနေ့ညက ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ယူကာ အကောင်းဆုံး ပုံစံကို ပြသနေပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာတင် ဂျိုတာ (၂ ဂိုး) တီယာဂို တို့ရဲ့ ဂိုးတွေနဲ့ သက်တောင့်သက်သာ ဦးဆောင်ထားနိုင်ခဲ့ပြီး ဗန်ဒိုက် ဒုတိယပိုင်း အစမှာ နောက်ထပ် တစ်ဂိုး သွင်းယူခဲ့တာကြောင့် ပွဲပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးဟာ အားခြွေတာ ကစားသွားခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေ ရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ၄-၀ နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ မနက်ဖြန် ၀က်ဟမ်းနဲ့ ပွဲကျပ်ကစားရမယ့် မန်စီးတီးကို ကျော်ကာ ချဲလ်ဆီးနဲ့ ၁ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့…

၁~goal machine ဂျိုတာ
တိုက်စစ်မှုး တစ်ဦး အတွက် ဂိုးတွေ သွင်းယူနိုင်တဲ့ အလေ့အထဟာ တကယ့်ကို ကောင်းမွန်တဲ့ အရည်အသွေး တစ်ခု ဖြစ်ပြီး ဂျိုတာမှာ ဒါမျိုးကို ပိုင်ဆိုင်နေပါတယ်။ ဂျိုတာဟာ ပထမပိုင်းမှာတင် ၂ ဂိုး ရယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကိုသာ အဆုံးသတ်နိုင်ခဲ့မယ် ဆိုရင် ဟက်ထရစ်တောင် ရခဲ့သင့်ပါတယ်။ ဂျိုတာဟာ လီဗာပူး ပထမ အသင်းမှာ အလှည့်ကျ ပွဲထွက်နေရပေမယ့်လည်း ဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ဂျိုတာဟာ ပရီးမီးယားလိဂ် သွင်းဂိုးဇယားမှာ ဆာလားရဲ့နောက် ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အနည်းငယ် ငြိမ်သွားခဲ့ပေမယ့် ဂျိုတာဟာ ဒီပွဲမှာ ၎င်းရဲ့ ကောင်းမွန်တဲ့ ရွေ့လျားမှု နေရာယူ မှန်ကန်မှုတွေနဲ့ အတူ ပြိုင်ဘက်နောက်ခံလူတွေကို အန္တရာယ်ပေးခဲ့ပါတယ်။ ဂျိုတာဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး ဒီထက် အများကြီး တိုးတက်လာနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

၂~ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တဲ့ ရော်ဘို
ဆီမီကတ်စ်ရဲ့ ဒီရာသီ ခြေစွမ်းပြနေမှုကြောင့် ဒီပွဲမတိုင်မီ လီဗာပူးရဲ့ ပွဲထွက် ဘယ်နောက်ခံလူ နေရာနဲ့ ပက်သက်ပြီး ကလော့ဟာ မေးခွန်းထုတ်မှုတွေ ခံခဲ့ရပါတယ်။ ပထမဦးဆုံး အကြိမ် မဟုတ်ပေမယ့် ရော်ဘတ်ဆန် နဲ့ ပက်သက်ပြီး ကလော့ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့ပါတယ်။ ရောဘတ်ဆန်ဟာ ဒီပွဲစဉ်မှာ ဘယ်တောင်ပံကနေ ပြိုင်ဘက် ခံစစ်ကို ၎င်းရဲ့ ဖြတ်တင်ဘောတွေနဲ့သာမက တွဲလုံးတွေနဲ့ပါ ခြိမ်းခြောက်နိုင်ခဲ့ပြီး မာနေးနဲ့ကြား နားလည်မှုဟာ တကယ့်ကို စပယ်ရှယ်ပါပဲ။

ဆီမီကတ်စ်ဟာ ဒီရာသီ အကောင်းဆုံး လုပ်ပြထားခဲ့ပေမယ့်လည်း ရောဘတ်ဆန်ဟာ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် ရှိနေကြောင်းကို အချိန်ကိုက် ပြသခဲ့ပါတယ်။ လီဗာပူးဟာ ဒီလို ဘယ်နောက်ခံလူ ၂ ဦးကို ပိုင်ဆိုင်ထားတာ တကယ့်ကို ကံကောင်းပါတယ်။

၃~
နည်းပြဟက်ဆန်ဟူတယ်ရဲ့ ၃ နှစ်တာ ကာလကို အနှစ်ချုပ်ရမယ် ဆိုရင် သူ့ရဲ့အသင်းဟာ လုံး၀ ခြေစွမ်း မတည်ငြိမ်တာ ဖြစ်ပါတယ်။ စိန့်ဟာ လွန်ခဲ့တဲ့ ၁၂ လက ပရီးမီးယားလိဂ် ဇယားထိပ်ကို တက်နိုင်ခဲ့ပေမယ့် ဒီတစ်ပတ် အန်ဖီးမှာတော့ ဆောက်သမ်တန်ရဲ့ လုပ်အားကောင်းကောင်း နဲ့ high pressing လုပ်တဲ့ အသင်းကို မတွေ့ခဲ့ရပါဘူး။

စိန့်တို့ဟာ လီဗာပူးရဲ့ တောင်ပံတွေကနေ ဖိအားပေးမှုကို ကောင်းစွာ မဖြေရှင်းနိုင်ခဲ့ဘဲ ဒီပွဲစဉ်မှာ ၄-၄-၂ ကနေ ၅-၃-၂ ကို ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ မေးခွန်းထုတ်စရာ ပါပဲ။ ပထမပိုင်းမှာ ဒီဗျူဟာဟာ လုံး၀ မှားယွင်းတာကို မြင်တွေ့ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ဘန်နာရက်ကို ထုတ်ကာ ၄-၄-၂ ကို ပြန်ပြောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာတင် ပွဲက ပြီးသလောက် ဖြစ်သွားခဲ့ပါပြီ။

၄~မေးခွန်းထုတ်မှုတွေကို ဖြေကြားခဲ့တဲ့ ကိုနာတေး
ပြီးခဲ့တဲ့ ပေါ်တိုနဲ့ ပွဲစဉ်က ပထမပိုင်း ခြေစွမ်းကြောင့် ကိုနာတေးဟာ မေးခွန်းထုတ်မှုတွေ ခံခဲ့ရပါတယ်။ လူတွေကတော့ ဗန်ဒိုက် မာတစ် အတွဲနဲ့ အမြဲတမ်း နှိုင်းယှဉ်နေကြမှာ ဖြစ်ပြီး ပြင်သစ်နောက်ခံလူဟာ ဒီလို မြင့်မားတဲ့ မျှော်လင့်ထားမှုတွေကို ကောင်းစွာ ဖြေရှင်းခဲ့ပါတယ်။ ကလော့ဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ ကိုနာတေးကို နောက်ထပ် ပွဲထွက်ခွင့် ပေးခဲ့ပြီး လီဗာပူးတို့ နောက်ထပ် clean sheet ထပ်ရခဲ့ပြန်ပါတယ်။

ကိုနာတေးဟာ လီဗာပူးမှာ ဘာမှ ဆိုးဆိုးရွားရွား မလုပ်ထားခဲ့ပါဘူး။ အသက် ၂၂ နှစ်သာ ရှိသေးတာကြောင့် အနာဂတ်မှာ များစွာ တိုးတက်လာနိုင်တဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နောက်ခံလူဟောင်းဟာ ဘောလုံးပေးပို့မှုကောင်းတဲ့ ကစားသမား ဖြစ်ပြီး ဒါဟာ အမှားအယွင်း တစ်ခု နှစ်ခု ဖြစ်စေပေမယ့် ဂိုးပေးရလောက်တဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။ ကိုနာတေးရဲ့ ဒီပွဲက ခြေစွမ်းကို ကြည့်လိုက်မယ် ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ကစားဟန်နဲ့ တစ်ဖြည်းဖြည်း အသားတကျ ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပြီး ကလော့ အတွက်ကတော့ ဗဟိုနောက်ခံလူ ရွေးချယ်ရာမှာ တကယ့်ကို ခေါင်းခဲစရာ ဖြစ်နေမှာပါ။

၅~နားလည်ရခက်နေဆဲ တီယာဂို
တီယာဂိုဟာ ဘောလုံးမှာ ခက်ခဲတဲ့ အရာတွေကို လွယ်လွယ်လေး လုပ်ပြနိုင်သူ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ တစ်ခါတစ်ရံ လွယ်ကူတဲ့ အရာတွေကို ခက်အောင် လုပ်နေတက်ပါတယ်။ ပေါ်တိုနဲ့ ပွဲစဉ်က သွင်းဂိုးဟာ ၎င်းရဲ့ ကောင်းမွန်တဲ့ အရည်အသွေးကို သက်သေပြထားတဲ့ အရာ ဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့ အပိုင် အခွင့်အရေး တစ်ချို့မှာတော့ တီယာဂိုရဲ့ အပြစ် မကင်းခဲ့ပါဘူး။ ပေါ့ဆတဲ့ ကစားပုံကြောင့် ဆောက်သမ်တန်တို့ အခွင့်အရေးကောင်းတွေ ရခဲ့သလို press တစ်ကြိမ် နှစ်ကြိမ်လည်း မှားခဲ့ပြီး အခြားနေ့တွေမှာ ဒါတွေဟာ ဂိုးဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် ၎င်းရဲ့ ကစားကွက် ထိန်းချုပ်မှုတွေ ၊ line-breaking pass တွေဟာ လီဗာပူး ကွင်းလယ်ကို ယူဆောင်လာတဲ့ အရည်အသွေးတွေ ဖြစ်ပြီး ၎င်းရဲ့ လျှင်မြန်တဲ့ ခြေအနုတ်အသိမ်းတွေ ကလည်း သွင်းဂိုးကို ဖြစ်စေခဲ့ပါတယ်။ unit တစ်ခု အနေနဲ့ တီယာဂိုဟာ ဖာဘင်ညို ဟန်ဒါဆန် တို့နဲ့ ကောင်းစွာ အလုပ်ဖြစ်ခဲ့ပြီး ဒီကွင်းလယ် အတွဲဟာ လီဗာပူးရဲ့ ချန်ပီယံ အိမ်မက်အတွက် အရေးကြီးတဲ့ force တစ်ခု ဖြစ်လာနိုင်ပါတယ်။

SM