ဂန်းနားတို့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ရသွားခဲ့တဲ့ အာဆင်နယ် ၁-၀ ဝက်ဖိုဒ့် ပွဲမှ ထူးထူးခြားခြား ပြောစရာ အချက် ၆ ချက်

အာဆင်နယ် အသင်းဟာ အာတီတာ ရဲ့နည်းပြ ဘဝ ပွဲ ၁၀၀ မြောက်မှာ တန်းတက် ဝက်ဖိုဒ့် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာကို တက်လှမ်း လာခဲ့ပါတယ် ။

ဒီနေ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ပွဲမတိုင်ခင်ပေါင်ခြံ ဒဏ်ရာရသွားတဲ့ ပါတေး နေရာမှာ နိုင်းလ်စ် ကို အသုံးပြု ခဲ့တာကလွဲလို့ ပွဲထွက်နေကြ လူစာရင်း အတိုင်းပဲ ပွဲထွက် လာခဲ့ပါတယ် ။ ပထမပိုင်းမှာ အာဆင်နယ် အသင်းဟာ ပင်နယ်တီ ကန်ခွင့် ရခဲ့ပေမယ့် အူဘာမီယန်း ရဲ့ ကန်ချက်ကို ဖော်စတာ ကာကွယ် သွားခဲ့တာကြောင့် ဂိုးမရှိ သရေကျနေခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ ဒီရာသီမှာ ဂိုးသွင်းခြေတွေ့နေတဲ့ စမစ်ရို က အာဆင်နယ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာ အိုဒီဂွါဒ် နဲ့ ကန်ချက် ဂိုးဝင်နေပြီ ဖြစ်ပေမယ့် လူကျွံ​နေတဲ့ အူဘာ က ထပ်ပိတ်လိုက်တာကြောင့် နစ်နာ ခဲ့ရပါတယ် ။

အာဆင်နယ် ၁-၀ ဝက်ဖိုဒ့် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၆ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အာဆင်နယ် အသင်း ရဲ့ဂိုးသွင်းစက် ဖြစ်နေတဲ့ စမစ်ရို

အာဆင်နယ် အသင်းရဲ့ ဦးဆောင်ဂိုးမှာ အဓိက ကျခဲ့သူ နှစ်ဦးက အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ မရွေးချယ် ခံရတဲ့ ဘန်ဝှိုက် နဲ့ စမစ်ရို ပါ ။ ဘန်ဝှိုက် ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို စမစ်ရို က ဂိုးဧရိယာ အပြင်ဘက်ကနေ ကန်သွင်း ခဲ့တာ ဖြစ်ပါတယ် ။

စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ်ကာ ၊ ရေယက်စ် ၊ ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့ အသက် ၂၁ နှစ်အောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

ဝက်ဖိုဒ့် နဲ့ ပွဲက စမစ်ရို ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကတော့ ၈၆ မိနစ် ကစား ၊ သွင်းဂိုး ၁ ဂိုး ၊ ဘောလုံးထိချက် ၄၃ ကြိမ် ၊ ဘောလုံး ပေးပို့မှု ၂၃ ကြိမ်(တိကျမှု ၉၅.၈%) ၊ အဝေးဘော ပေးပို့မှု ၁ ကြိမ် ( တိကျမှု ၁၀၀%) ၊ အမြင့်ဘော အသာရမှု ၁ ကြိမ် ( ၁၀၀%) ၊ ဘောလုံး ရှင်းထုတ်မှု ၁ ကြိမ် နဲ့ ဘောလုံးဖျက်ထုတ်မှု ၁ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

၂ ။ အာတီတာ ရဲ့ ရာပြည့်ပွဲ နဲ့ ၁၀ ပွဲဆက် ရှုံးပွဲမရှိ အာဆင်နယ်

ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာတီတာ ဟာ သူ့ရဲ့ အာဆင်နယ် နည်းပြ ဘဝ ပွဲ ၁၀၀ ပြည့်မြောက် သွားခဲ့ပါတယ် ။ အာတီတာ ဟာ ပွဲ ၁၀၀ မှာ နိုင်ပွဲ ၅၄ ပွဲ အထိ ရယူ ထားနိုင်ပြီး ပွဲ ၁၀၀ ပြည့်အောင် ကိုင်နိုင်ခဲ့တဲ့ အာဆင်နယ် နည်းပြတွေထဲမှာ ဒုတိယမြောက် နိုင်ပွဲ အများဆုံး နည်းပြ ဖြစ်ပါတယ် ။

အာတီတာ ရဲ့ ရာပြည့်ပွဲ နဲ့ အတူ အာဆင်နယ် အသင်းဟာလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိတာ ၁၀ ပွဲဆက် ရှိသွားခဲ့ပါပြီ ။ အာဆင်နယ် အသင်းဟာ အဆိုပါ ၁၀ ပွဲမှာ ၈ ပွဲ အနိုင် ၊ ၂ ပွဲသာ သရေကျထားပြီး Clean-sheet ၈ ပွဲ အထိ ရထားပါတယ် ။

၃ ။ ပေးဂိုးထက် Clean-Sheetက ပိုများနေသူ ၊ ရှုံးပွဲ မရှိသေးတဲ့ ရမ်စ်ဒဲလ်

ရမ်စ်ဒဲလ် ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားထားပြီး ၇ ပွဲ နိုင်ကာ ၊ ၂ ပွဲသာ သရေကျထားပါတယ် ။ ဒါ့အပြင် ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ Clean-sheet ငါးပွဲ အထိ ရထားပြီး ပေးဂိုးကလည်း ၄ ဂိုးသာ ရှိထားပါတယ် ။

၄ ။ Man of the Match ဆုရှင် Niles

ပါတေး ဒဏ်ရာ ရနေတာကြောင့် အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်မှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ နိုင်းလ်စ် ဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး Man of the Match ဆု ရသွားခဲ့ပါတယ် ။ ဝက်ဖိုဒ့် နဲ့ ပွဲက နိုင်းလ်စ် ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကတော့ ဘောလုံး ကြားဖြတ်ရယူမှု ၂ ကြိမ် ၊ ဘောလုံး ရှင်းထုတ်မှု ၂ ကြိမ် ၊ ဘောလုံး ဖျက်ထုတ်မှု ၅ ကြိမ် ၊ ဘောလုံး ပေးပို့မှု တိကျနှုန်း ၈၅% ၊ ဘောလုံးထိချက် ၄၈ ကြိမ် ၊ key pass ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

၅ ။ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ

ပထမပိုင်း ပွဲချိန်အတွင်းမှာ ဝက်ဖိုဒ့် နောက်ခံလူ ဒန်နီရိုစ့် ဟာ ပင်နယ်တီ အပါအဝင် ပြစ်ဒဏ်ဘော လေးကြိမ် အထိ ကျူးလွန် ခဲ့ပေမယ့် အဝါကဒ်တစ်ကဒ် တောင် မပြသခံခဲ့ရတာက တကယ့်ကို အငြင်းပွားဖွယ်ပါပဲ ။

တစ်ပွဲလုံးမှာ အာဆင်နယ် အသင်းဟာ ပြစ်ဒဏ်ဘော ၆ ကြိမ်သာ ကျူးလွန် ခဲ့ပေမယ့် အဝါကဒ် ၄ ကဒ် ထိခဲ့ပြီး ဝက်ဖိုဒ့် ကတော့ ပြစ်ဒဏ်ဘော ၁၇ ကြိမ် အထိ ကျူးလွန် ခဲ့ပေမယ့် အဝါကဒ် ၄ ကဒ်၊ အနီကဒ် တစ်ကဒ် သာ ထိခဲ့ပါတယ် ။

၆ ။ အာဆင်နယ် အသင်းရဲ့imposter ဖြစ်ခဲ့တဲ့ အူဘာမီယန်း

ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ပင်နယ်တီ ကန်ခွင့် ရရှိ ခဲ့ပေမယ့် အူဘာမီယန်း ရဲ့ကန်ချက်ကို ဖော်စတာ လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။ အူဘာ အတွက်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လေးကြိမ်မြောက် ပင်နယ်တီ လွဲချော်မှု ဖြစ်ပြီး သူ့ထက် ပိုလွဲသူဆိုလို့ အီယန်ရိုက်(၆) ကြိမ်သာ ရှိပါတော့တယ် ။

ဒါ့အပြင် ဒုတိယပိုင်းမှာ အူဘာ ဟာ အိုဒီဂွါဒ် နဲ့ ကန်ချက် သူ မပိတ်လည်း ဂိုးဝင်နေပြီ ဖြစ်ပေမယ့် လူကျွံအနေအထားကနေ ထပ်ဆင့် ပိတ်သွင်းခဲ့တာကြောင့် သွင်းဂိုး တစ်ဂိုး ထပ်မံ နစ်နာ ခဲ့ပါတယ် ။

SM