ဂန်းနားတို့ရဲ့ ဒီတစ်ပတ်နိုင်ပွဲမှာ အာဆင်နယ် ကစားသမား ၂ ဦးကို ချီးကျူးလိုက်ပြီး အူဘာ ကို ဝေဖန်လိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ဟာ ဒီတစ်ပတ် နယူးကာဆယ် အသင်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းက မာတီနယ်လီ နဲ့ ရမ်စ်ဒဲလ် တို့ကို ချီးကျူးလိုက်ပြီး အပိုင် အခွင့်အရေးကို လွဲချော်ခဲ့တဲ့ အူဘာမီယန်း ကို ဝေဖန် သွားခဲ့ပါတယ် ။

 

မနေ့က အစောဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) မှာ အာဆင်နယ် အသင်းဟာ ဆာကာ ၊ မာတီနယ်လီ တို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး ၊ ပြီးခဲ့တဲ့ တစ်ပတ် က လီဗာပူး ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့မှုကနေ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းအတွက် အဖွင့်ဂိုးဟာ စမစ်ရို ၊ ဆာကာ ၊ တာဗာရက်စ် တွဲလုံးကနေ ရရှိ ခဲ့တာ ဖြစ်ပြီး ဆာကာ က ဘယ်ခြေနဲ့ သွင်းယူ ပေးခဲ့တာပါ ။ ဒုတိယဂိုးကတော့ ဆာကာ နေရာ လူစားဝင်လာတဲ့ မာတီနယ်လီ က တိုမီယာစု ရဲ့ ပေးပို့မှုကို မြေမကျ ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

နယူးကာဆယ် အသင်းကို အနိုင်ရတာကြောင့် အာဆင်နယ် အသင်းဟာ အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ ရမှတ်တူ အဆင့် ၅ နေရာမှာပဲ ဆက်လက် ရပ်တည်နေပါတယ် ။ အီယန်ရိုက် ကတော့ ပွဲအပြီး Premier League Productions မှာ မာတီနယ်လီ ရဲ့ ကန်ချက်ကို ချီးကျူး သွားခဲ့ပါတယ် ။

” ကိုယ့်ညာဘက် ပုခုံးပေါ်က လာတဲ့ ဘောလုံးကို အဲ့ဒီလို ကန်နိုင်ဖို့က ခက်ခဲပါတယ် ၊ ကျွန်တော် ထင်လိုက်တာက အနည်းဆုံးတော့ ဂိုးသမား နဲ့ သူ ထိတွေ့မှု ရှိသွားလောက်မယ်ပေါ့ ၊ ပြိုင်ဘက် ဂိုးသမားကြောင့် ကန်ရတာ ပိုလွယ်ကူသွားတယ် ထင်ပါတယ် ။ ”

” မာတီနယ်လီ ရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်မှု ဖြစ်သလို တိုမီယာစု ရဲ့ ပေးပို့မှုကလည်း ကောင်းပါတယ် ။ ” ဒါ့အပြင် အီယန်ရိုက် က ဂိုးမရှိ သရေကျနေချိန်မှာ ရှယ်ဗေး ရဲ့ကန်ချက်ကို လက်စွမ်းပြ ကာကွယ် ခဲ့တဲ့ ရမ်စ်ဒဲလ် ကိုလည်း ချီးကျူး သွားခဲ့ပါတယ် ။

” တကယ့်ကို မိုက်တဲ့ ကာကွယ်မှုပါ ၊ ရှယ်ဗေး ရဲ့ ကန်ချက်ကလည်း သိပ်ကောင်းပါတယ် ၊ ရမ်စ်ဒဲလ် ကလည်း သူ့ရဲ့ လက်ချောင်းတွေနဲ့ ကောင်းကောင်း ကာကွယ် သွားခဲ့ပါတယ် ၊ အရိုးသားဆုံး ပြောရရင် ဒီလို ကာကွယ်မှုမျိုးတွေ သူ အာဆင်နယ် အတွက် အများကြီး လုပ်ပြ ထားပါတယ် ။ ”

အီယန်ရိုက် ဟာ ကစားသမား နှစ်ဦးကို ချီးကျူး သွားခဲ့ပေမယ့် သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ အူဘာမီယန်းကိုတော့ အားမနာတမ်း ဝေဖန် သွားခဲ့ပါတယ် ။ ” တကယ့်ကို ဆိုးရွားတဲ့ အဆုံးသတ်ပါပဲ ၊ အပိုင်အခွင့်အရေးကြီးပါ ၊ ပေးလိုက်တဲ့ ဘောလုံးက သိပ်ကောင်းပါတယ် ။ ”

” စမစ်ရို ခေါင်းတိုက်ကတည်းက ဝင်သင့်တဲ့ ဘောလုံးမှန်ပေမယ့် ဂိုးသမား က အလွယ်တကူ ကာကွယ်ပြသွားခဲ့ပါတယ် ။ ပြန်ထွက်လာတဲ့ ဘောလုံးကို အူဘာ ရဲ့ လွဲချော်မှုကတော့ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး ။ သူ ကန်လိုက်တဲ့ ဘောလုံးက ဂိုးတိုင်အပြင်ကို ထိထွက်သွားခဲ့တာပါ ၊ ခွင့်လွတ်နိုင်စရာ မရှိတဲ့ လွဲချော်မှုပါပဲ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SM