ခြေစွမ်းပြနေတဲ့ ဂန်းနားတို့ကို အန်ဖီးမှာဂိုးပြတ်ချေမှုန်းခဲ့တဲ့ လီဗာပူး ၄-၀ အာဆင်နယ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲလမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ ဘရိုက်တန် ၀က်ဟမ်း တို့နဲ့ ပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီးနောက် ကလော့ရဲ့ အသင်းဟာ ဂန်းနားတို့ကို အနိုင်ယူဖို့ အတွက် ပွဲအစကတည်းက intensity အပြည့်နဲ့ ကစားသွားခဲ့ပြီး ရမ်ဒဲလ် လက်စွမ်းပြလို့သာ စောစောစီးစီး ဂိုးတွေ မရခဲ့တာ ဖြစ်ကာ ပထမပိုင်းမှာ မာနေးရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဂျိုတာဟာ တာဗာရက်စ်ရဲ့ အမှားကနေ ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မာနေးရဲ့ ဖန်တီးမှုကို ဆာလားက ပိတ်သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇၇ မိနစ်မှာ အလက်ဇန်းဒါးအာနိုးရဲ့ ဖန်တီးမှုကနေ တဆင့် လူစား၀င် ကစားသမား မီနာမီနိုက ဂိုးသွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ၄-၀ နဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကို ယခုလို ဖော်ပြပေးလိုက်ပါတယ်။

၁~နိုင်ပွဲရဖို့ လိုနေချိန်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပြိုင်ဘက်တွေကို မက်ဆေ့ခ်ျ ပေးခဲ့တဲ့ လီဗာပူး

ဒီပွဲစဉ် မတိုင်မီ လီဗာပူးနဲ့ ပက်သက်ပြီး သံသယ တစ်ချို့ ရှိခဲ့ပေမယ့်လည်း ဒီပွဲစဉ်ဟာ ဒီရာသီ လီဗာပူးတို့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲလို့တောင် ဆိုလို့ ရပါတယ်။ အစောပိုင်းမှာ ချဲလ်ဆီးတို့ လက်စတာကို နိုင်ထားခဲ့တာကြောင့် လီဗာပူးဟာ title race မှာ ပြိုင်ဘက်ရဲ့နောက်မှာ ပြတ်မကျန်စေဖို့ အတွက် အမှားခံလို့ မရတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲစဉ်ကို ပုံစံကောင်းနဲ့ ရောက်လာခဲ့တာ ဖြစ်တာကြောင့် လီဗာပူးအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ဂန်းနားတို့ဟာ ပထမပိုင်းမှာ လီဗာပူးရဲ့ တိုက်စစ်ကို ကြံ့ကြ့ံ့ခံ ကာကွယ်နိုင်ခဲ့ပေမယ့်လည်း လီဗာပူးတို့ တဆင့်ပြီး တဆင့် ကစားအား တင်လာချိန်မှာတော့ ဒါကို တောင့်ခံနိုင်တော့ခြင်း မရှိတော့ပါဘူး။ လီဗာပူးဟာ ပွဲချိန် အများစုကို လွှမ်းမိုးကစားခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်း ခြေစွမ်းကတော့ ကောင်းလွန်းလှပါတယ်။

၂~ကွင်းလယ်ကနေ ပွဲကို လွှမ်းမိုးပေးခဲ့တဲ့ တီယာဂို

ပွဲအစကတည်းက လီဗာပူးဟာ တီယာဂိုကို တက်နိုင်သမျှ ဘောလုံး များများ ရရှိနိုင်အောင် လုပ်ခဲ့တာကို အတိုင်းသား မြင်ခဲ့ရပါတယ်။ တီယာဂို အတွက် ဒါဟာ ဒီရာသီ တတိယမြောက် ပွဲထွက် ကစားခွင့် ရခဲ့တာ ဖြစ်ပြီး ၎င်းဒဏ်ရာကြောင့် ၂ လ လောက် အနားယူခဲ့ရခြင်းဟာ ဒီရာသီ ကွင်းလယ် ဒဏ်ရာပြသနာတွေ များနေတဲ့ လီဗာပူးကို များစွာ ထိခိုက်စေခဲ့ပါတယ်။ တီယာဂိုဟာ ၀က်ဟမ်းနဲ့ ပွဲမှာ လူစား၀င် ကစားသမား အဖြစ် ပါ၀င်ခဲ့ပေမယ့် ကြံ့ခိုင်မှု အပြည့် မရသေးတဲ့ပုံ ဖြစ်နေခဲ့ပြီး နိုင်ငံတကာ ပွဲစဉ်ကာလဟာ ၎င်းကို များစွာ အကျိုး ရှိစေခဲ့ပါတယ်။

တီယာဂိုရဲ့ ကွင်းလယ်မှာ သက်တောင့်သက်သာ ဘောလုံး ကိုင်ကစားပုံ ၊ line breaking pass တွေနဲ့ တိုက်စစ်ကို လိုက်ပါ ပံ့ပိုး ကစားပေးမှုတွေဟာ အတော် ထိရောက်မှု ရှိခဲ့တဲ့ အပြင် ၎င်းဟာ အရာအားလုံးကို ဟန်ချက်ညီနေအောင် လုပ်ပေးခဲ့ပါတယ်။ လီဗာပူးရဲ့ ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှု အတော်များများမှာ တီယာဂိုရဲ့ ပါ၀င်ပက်သက်မှုတွေကို မြင်ခဲ့ရပြီး အကယ်၍ ၎င်းသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် လီဗာပူးရဲ့ ဖလားမျှော်လင့်ချက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ။

၃~လီဗာပူးကို အတိုင်းအတာ တစ်ခုထိ စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့တဲ့ ရမ်ဒဲလ်

ရမ်ဒဲလ်ဟာ ပထမပိုင်းမှာ အရမ်းကောင်းတဲ့ ကာကွယ်မှုတွေနဲ့ အတူ လီဗာပူး ပရိတ်သတ်တွေကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့ပါတယ်။ အင်္ဂလန် အတွက် ပထမဦးဆုံး ကစားခွင့် ရခဲ့တဲ့ ရမ်ဒဲလ်ဟာ လီနိုကို ကျော်ဖြတ်ကာ အာဆင်နယ်ရဲ့ နံပါတ် ၁ နေရာကို အခိုင်အမာ ရယူထားသူ ဖြစ်ပြီး ၎င်းဟာ ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ လုပ်နိုင်ရုံသာမကဘဲ ထူးချွန်တဲ့ Shot stopper တစ်ဦးလည်း ဖြစ်ကြောင့် သက်သေပြထားခဲ့ပါတယ်။ လီဗာပူးရဲ့ တဆင့်ပြီး တဆင့် ပြင်းထန်လာတဲ့ တိုက်စစ် ကစားဟန်ကြောင့် အာဆင်နယ် ခံစစ်ဟာ ယိုင်လဲနေခဲ့ပြီး ရမ်ဒဲလ်သာ ကာကွယ်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် အန်ဖီးမှာ ဒီထက် ဂိုးပြတ်တဲ့ ရှုံးပွဲကို ရင်ဆိုင်ရမှာ သေချာပါတယ်။

၄~ထူးထူးခြားခြား ပေါက်ကွဲခဲ့တဲ့ အာတီတာ

ပထမပိုင်းမှာ တိုမီယာဆု အပေါ် မာနေးရဲ့ ပြစ်ဒဏ် ကျူးလွန်မှုကို တွေ့ခဲ့ရပြီးနောက် ထူးထူးခြားခြားပဲ အာတီတာ ဒေါသတကြီး ဖြစ်ခဲ့ပြီး ပထမဦးစွာ လီဗာပူးရဲ့ နည်းပြ အဖွဲ့၀င်တွေ ဘက်ကို လှည့်ပြီး စကားများခဲ့ကာ အဲဒီနောက် ကလော့နဲ့ အချင်းများခဲ့ပါတယ်။ ဒီအတွက်ကြောင့် နည်းပြ နှစ်ဦးစလုံး အဝါကတ် ထိခဲ့ပါတယ်။ အဆိုပါ အချိန်မှာ နှစ်ဘက်စလုံး ဂိုးမသွင်းနိုင်သေးဘဲ ပွဲကောင်း တစ်ပွဲ ဖြစ်နေခဲ့ကာ စပိန်နည်းပြရဲ့ action ဟာ လီဗာပူးရဲ့ ကစားအားကို ပိုမို မြင့်တက်စေခဲ့တယ်လို့တောင် ထင်စရာ ပါပဲ။ အဲဒီနောက် ကစားအား ကောင်းလာခဲ့တဲ့ လီဗာပူးရဲ့ ကစားဟန်အောက်မှာ အာဆင်နယ်တို့ ခံစစ် အသွင် ဖြစ်သွားခဲ့ပြီး ၅ မိနစ် အကြာမှာပဲ မာနေးက ဂိုးသွင်းသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးရဲ့ intensity ဟာ ပိုမို မြင့်တက်လာခဲ့ပြီး ပထမပိုင်း အပြီး ကလော့ရဲ့ team talk ဟာ အစိတ်အပိုင်းတစ်ခု အဖြစ် ပါ၀င်နေမှာပါ။ ဒုတိယပိုင်း အစမှာ ဂျိုတာဟာ တာဗာရက်ရဲ့ အမှားကနေ ဂိုးသွင်းယူခဲ့ပြီး အထူးသဖြင့် လီဗာပူးရဲ့ high pressing တွေကြားမှာ အာဆင်နယ်တို့ ရုန်းထွက်မရ ဖြစ်ခဲ့ပြီး ဂိုးတွေ ဆက်ပေးခဲ့ရပါတယ်။

၅~title race မှာ အရေးပါနိုင်တဲ့ ဂျိုတာ

ဂျိုတာရဲ့ သွင်းဂိုးကတော့ တကယ့်ကို ကောင်းလှပါတယ်။ လီဗာပူးရဲ့ high press ကြောင့် အတွေ့အကြုံ နုနယ်သေးတဲ့ တာဗာရက်စ်ဟာ အမှားအယွင်း လုပ်မိခဲ့ပြီး ပေါ်တူဂီ စတားဆီကို ဘောလုံး တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။ ဂျိုတာ အနေနဲ့ ဒီဂိုးကို လွယ်လွယ်ကူကူ သွင်းယူခဲ့တာ မဟုတ်ဘဲ ဘန်ဝိုက် နဲ့ ရမ်ဒဲလ် တို့ကို ခြေယောင်ပြကာ ကျော်ဖြတ်ပြီးမှ သွင်းယူခဲ့တာပါ။

မာနေး နဲ့ ဆာလား တို့ ဒီရာသီ ဂိုးမြူးနေတာကြောင့် ဂျိုတာ အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူးဆိုရင် မေးခွန်းထုတ်မှု တစ်ချို့နဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ ဖာမီနို ဒဏ်ရာ ရနေချိန်မှာ ဂျိုတာဟာ လီဗာပူး တိုက်စစ်အားကို ထိန်းထားပေးနိုင်ခဲ့ပြီး ၎င်းရဲ့ တိကျတဲ့ အဆုံးသတ်တွေဟာ ကလော့ရဲ့ အသင်းအတွက် ကြီးမားတဲ့ လက်နက် တစ်ခု ဖြစ်ပါတယ်။ ဂျိုတာဟာ တကယ် အရေးပါတဲ့ အချိန်မှာ ဂိုးသွင်းပေးခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ဒီအလေ့အထဟာ title race မှာ အရေးပါနေမှာပါ။

SM