ခြေကျင်းဝတ် ဒဏ်ရာပြင်းထန်လို့ ကာလရှည် အနားယူရဖွယ် ရှိနေတဲ့ နေမာ

စိန့် အီတီယန် အသင်းကို ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ သွင်းယူပြီး နိုင်ပွဲ ပြန်လည်ရှာဖွေ နိုင်ခဲ့ပေမယ့် နေမာ ဟာ ခြေကျင်းဝတ် ဒဏ်ရာ အပြင်းအထန် ရရှိသွားလို့ နည်းပြ ပိုချက်တီနို အနေနဲ့ အပြည့်အ၀ ပျော်ရွှင်ခွင့် ရခဲ့မှာ မဟုတ်ပါဘူး။

ဘရာဇီး တိုက်စစ် ကစားသမား ဟာ 85 မီးနစ်မှာ ရရှိခဲ့တဲ့ အဆိုပါ ဒဏ်ရာကြောင့်ပဲ ကွင်းထဲကနေ ထမ်းစဉ် နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။

ဒီတစ်ကြိမ် ဒဏ်ရာ ရရှိခဲ့ရာမှာတော့ ပြိုင်ဘက် ကစားသမား ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုမျိုးကြောင့် မဟုတ်ပဲ ၊ သူ့ ကိုယ်သူ ဟန်ချက် မညီပဲ ဖြစ်သွားခဲ့ရာကနေ တဆင့် ခြေကျင်းဝတ် ခေါက်ခါ အကျမတော်ပဲ ဖြစ်ခဲ့တာပါ။ နေမာ ဟာ မာကွင် ရဲ့ ခြေထိုး ဖျက်ထုတ်လာမှုကို ရှောင်နိုင်ဖို့ အတွက် ခုန်ထွက်ကာ တိမ်းရှောင်လိုက်စဉ် ၊ ပြန်အကျမှာ အကျမတော်ပဲ ခြေကျင်းဝတ် တစ်ခုလုံး လိမ်ခေါက်သွားခဲ့တာ ဖြစ်ပါတယ်။

ခြေထောက်က မြေပြင်ကို ပြန်ထောက်လိုက်ချိန် ၊ ခြေဖဝါးလိုက် အတည့်မကျပဲ ခွေခေါက်သွားစဉ် ၊ အပေါ်က ဘော်ဒီ တစ်ခုလုံး ဖိထားသလို ဖြစ်နေတဲ့ အတွက် ဒဏ်ရာဟာ တော်တော်လေးကို ပြင်းထန်သွားဖွယ် ရှိနေပါတယ်။

နေမာ ကိုယ်တိုင်လဲ သူ့ကိုယ်သူ အခြေအနေ မဟန်မှန်း ချက်ခြင်း သိလိုက်တာကြောင့် ဆေးအဖွဲ့ကို ချက်ခြင်း ဝင်ရောက်လာဖို့ အချက်ပြကာ အကူညီတောင်းခဲ့ရပါတယ်။

ဒဏ်ရာပြသနာ ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ ရဲ့ ခန့်မှန်းချက် အရ နေမာ ရဲ့ ဒဏ်ရာ ရသွားပုံဟာ ခြေကျင်းဝတ် အတွင်းပိုင်း တစ်ခုလုံး ခြေခေါက်သွားတာ ဖြစ်လို့ ၊ အပြင်ပိုင်း အရွတ်ကြော ထိခိုက်သွားတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ တကယ်လို့ အရွတ်ကြော တစ်ခုလုံး ပြတ်ထွက်သွားတာမျိုး ဆိုရင်တော့ အနည်းဆုံး 4-6 ပတ် အထိ အနားယူရလေ့ရှိပါတယ်။

နည်းပြ ပိုချက်တီနို က နေမာ ရဲ့ ဒဏ်ရာ အခြေအနေကို တွက်ဆ နိုင်ဖို့ အတွက် ဒီညနေပိုင်းမှာ နောက်ထပ် ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နေမာ ကိုယ်တိုင် ကတော့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ နဲ့ ပြန်လာမယ့် အကြောင်း ပရိသတ်တွေကို အခုလို ကတိပေး သွားပါတယ်။

“ ကံ မကောင်းဘူးဗျာ။ ဒီလို ဒဏ်ရာပြသနာတွေ ဆိုတာ ကစားသမားတွေ ရင်ဆိုင်နေကြ အတားအဆီးတွေပဲလေ။ အခုတော့ ကိုယ့်ရဲ့ ခေါင်းကို မော့ထားပြီး ၊ အကောင်းဆုံး ဖြတ်ကျော်ရတော့ပါမယ် ။ အရင်ကထက် ပိုကောင်းတဲ့ ခြေစွမ်းတွေ နဲ့ ပြန်လာခဲ့မှာပါ” လို့ အင်စတာဂရမ် မှာ ရေးသား သွားခဲ့ ပါတယ်။

မှတ်တမ်းတွေ အရ နေမာ ဟာ အလားတူ ဒဏ်ရာပြသနာမျိုး ကို ဘရာဇီး အတွက် ကစားပေးရင်း ကြုံခဲ့ရဖူးတယ်လို့ သိရပါတယ်။

SPORTS MYANMAR